သံဃာတစ်ပါးမောင်းနှင်လာတဲ့အိမ်စီးကား လမ်းဘေးသစ်ပင်ဝင်တိုက်မိလို့ နှစ်ဦးသေဆုံး

Photo- CJ
ပဲခူးတိုင်း(အနောက်ခြမ်း)ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်-တောင်ကုတ်လမ်းပေါ်မှာ သံဃာတပါးမောင်းနှင်လာတဲ့ အိမ်စီးကားတစီး လမ်းဘေးသစ် ပင်ဝင်တိုက်မိလို့ မောင်းနှင်လာတဲ့ သံဃာတော်နဲ့ ကလေးတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဆရာတော်က အရိုးအကြောဆေးရုံရောက်ပြီးမှ ဆုံးသွားတယ်၊ ကလေးကညဘက်မှာဆုံးတာပေါ့ အက်စီးဒင့်ဖြစ်ပြီးထဲက သတိပြန်မလည်လာတော့တာ” လို့ ဖြစ်စဉ်မှာ ကယ်ဆယ်ရေးလုပ်ပေးခဲ့သူတဦးက DNA ကိုပြောပါတယ်။
မတော်တဆမှုဖြစ်ခဲ့တဲ့ အိမ်စီးကားကို စွယ်တော်ရွာဘုန်ကြီးကျောင်းက ဆရာတော် ဦးဇဝနကိုယ်တိုင် မောင်းနှင်လာတာဖြစ်ပြီး အောက်တိုဘာ (၂၂)ရက်နေ့လယ်ပိုင်းက မြောင်ရှည်ရွာအနီး လမ်းမပေါ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ကျွန်းပင်ကိုဝင်တိုက်မိခဲ့တာလို့ သိရပါတယ်။
မတော် တဆမှုအတွင်း ပျံလွန်တော်မူခဲ့တဲ့ဆရာ တော် ဦးဇဝနဟာ သက်တော်(၃၀)ရှိပြီး အတူလိုက် ပါလာပြီး သေဆုံးခဲ့တဲ့ကလေးငယ်ကတော့ (၁၃)နှစ်အရွယ် မောင်ထက်ဝေအောင်ဖြစ်တယ်လို့သိရပါတယ်။
မတော်တဆမှုကြောင့်သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို ပြည်မြို့ဆေးရုံကြီး ရင်ခွဲရုံကနေ စွယ်တော်ကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ငြိမ်းချမ်းရှင်နာရေးကူညီမှူအသင်းက သိရပါတယ်။
သာသနာ့ဝန်ထမ်း သာမဏေတွေနဲ့ ရဟန်း၊သံဃာတွေ ဆိုင်ကယ်၊ကား ကိုယ်တိုင်မောင်းနှင်တာတွေနဲ့ပတ်သက်လို့ ဝိနည်းနဲ့မညီတဲ့အကြောင်း မဟနဥက္ကဌ ဆရာတော်က NLD အစိုးရခေတ် မဟန အဖွဲ့အစည်း အဝေးတခုမှာမိန့်ကြားခဲ့ဖူးပါတယ်။
ဒါ့အပြင် ရဟန်းသံဃာတွေ ဆိုင်ကယ်ကားမောင်နှင်တာနဲ့ပတ်သက်ပြီး အရေးယူနိုင်တဲ့ ပြစ်ဒဏ်တွေလည်းရှိပေမယ့် နိုင်ငံတဝန်းက ဒေသတချို့မှာ ရဟန်း၊သံဃာတွေ ကိုယ်တိုင်ယာဥ်တွေမောင်းနှင်ကြတဲ့အလေ့အထတွေရှိနေပြီး မတော်တဆဖြစ်ကြရတဲ့ အမှုအခင်း တွေလည်း ရှိနေတာပါ။