◾နွေးနွေးလှိုင်
ရာသီဥတုဖောက်ပြန်မှုကြောင့် အပူချိန်တွေ တနေ့တခြား မြင့်တက်မှုဒဏ်ကို ဆီးချိုရောဂါသည်တွေက ပိုသိသိသာသာ ခံစားနေရတယ်လို့ ဆီးချိုဝေဒနာသည်တွေနဲ့ လူနာရှင်တွေက ပြောပါတယ်။
ဆီးချိုရောဂါဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါ ၄ မျိုးထဲမှာ ထိပ်ဆုံးက ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆီးချိုသွေးချိုအသင်းက ပြောဆိုထားပါတယ်။
ဧပြီလလယ် အပူချိန်တွေ မြင့်တက်နေတဲ့တစ်နေ့မှာ နာတာရှည်ရောဂါနဲ့ အိမ်ယာထဲလဲနေတဲ့ မိခင်ကြီး ဒေါ်အေးအေး ဆီးချိုဆောင့်တက်ပြီး သတိလစ်သွားလို့ တစ်အိမ်လုံး ယောက်ယက်ခတ်ပြီး မိခင်ကြီးရဲ့ အသက်ကို သေမင်းနဲ့အပြိုင် လုခဲ့ရတယ်လို့ ကိုအောင်မျိုးက ပြောပါတယ်။
“ကိုယ်တွေလို လူလတ်ပိုင်းတွေတောင် အဲဒီလိုအပူချိန်မျိုးဆို မခံနိုင်ဘူး၊ အမေ့လိုရောဂါသည်က ပိုဆိုးတာပေါ့” လို့ လွန်ခဲ့တဲ့ ၃ နှစ်က မိခင်ကြီးကို ဆေးရုံအရေးပေါ်ဌာန ပို့ခဲ့ရတဲ့အခြေအနေကို သူက ပြန်ပြောပြပါတယ်။
ဆီးချိုလူနာတွေဟာ အပူဒဏ်ကို ခံနိုင်ရည် မရှိတဲ့အတွက် ရာသီဥတု ပူပြင်းတဲ့ကာလမှာ အေးတဲ့အရပ်မှာ နေထိုင်သင့်ကြောင်း ဆရာဝန်တွေက ညွှန်ကြားခဲ့လို့ ကိုအောင်မျိုးတို့ မောင်နှစ်မတွေက မိခင်ကြီးအတွက်တောင်ပေါ်ဒေသဖြစ်တဲ့ မေမြို့မှာ မြေကွက်ဝယ် အိမ်ဆောက်ပေးကြဖို့ ဆုံးဖြတ်ချက်အခိုင်အမာ ချခဲ့တယ်လို့ ဆိုပါတယ်။
ကိုအောင်မျိုးတို့ မိသားစုနေထိုင်ရာ မုံရွာမြို့က မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာ တည်ရှိတာပါ။
အပူပိုင်းဇုန် အတွင်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ရဲ့ နွေရာသီအပူချိန်ဟာ မြန်မာနိုင်ငံရဲ့ တခြားသော မြို့ကြီးတွေထက် နှစ်စဉ် အပူချိန် ပိုများပါတယ်။
မိုးလေဝသနှင့်ဇလဗေဒဌာန မှတ်တမ်းများအရ အပူပိုင်းဇုန်စစ်ကိုင်းတိုင်းရဲ့အကြီးဆုံးမြို့ မုံရွာမှာ ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိ ၅နှစ်တာအတွင်း အမြင့်ဆုံးအပူချိန်ဟာ ၄၃ ဒီဂရီစင်တီဂရိတ်က နေ ၄၅ ထိ တိုးလာပါတယ်။
အပူပိုင်းဇုန် ဒေသတွေမှာ နေထိုင်ကြတဲ့ သက်ကြီးတချို့ဟာ နွေရာသီကာလမှာ အပူရှောင်ဖို့ မိမိတို့ဒေသနဲ့ သိပ်မဝေးတဲ့ မန္တလေးတိုင်းထဲက အအေးဓါတ်ရှိတဲ့ တောင်ပေါ်ဒေသ ပြင်ဦးလွင် (ခေါ်) မေမြို့မှာ သွားရောက်နေထိုင်ပါတယ်။
အပူပိုင်းဇုန်ဒေသက နာတာရှည်ဆီးချိုရောဂါသည်နဲ့ အပူဒဏ်ရှောင်ကြတဲ့ ငွေကြေးတတ်နိုင်တဲ့သူတွေဟာ ပြင်ဦးလွင်မြို့မှာ ကိုယ်ပိုင်အိမ်နဲ့ဖြစ်ဖြစ်၊ အဌားအိမ်နဲ့ဖြစ်ဖြစ် နေထိုင်ပြီး အထူးကု ဆရာဝန်ကြီးများရှိရာ မန္တလေးမြို့ကို ကူးချည်သန်းချည် လိုက်လျှောညီအောင်နေထိုင်ရင်း ဆေးကုခံလို့ အသက်ဉာဏ်စောင့် နေထိုင်ကြတာ ဖြစ်ပါတယ်။
အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဘိုဘိုက “ ဆီးချိုလူနာတွေက အပူဒဏ်ကို တခြားသူတွေထက် ပိုခံစားရတယ်။ အပူချိန်တွေ တိုးတော့ သွေးတွင်းသကြားဓာတ်က ကမောက်ကမဖြစ်ပြီး မူးတာမောတာ ဖြစ်တယ်။ ကိုယ်တွင်းကပူလို့ ဆိုပြီး ရေခဲရေတွေ အလွန်သောက်၊ ပန်ကာလေတွေ ခံရင် လေဖြတ်တာ၊ အာသီးယောင်တာ အပူနာတွေပေါက်ရင် ကုသရ ရှုပ်ထွေးနိုင်တယ်” လို့ သတိပေး ပြောဆိုပါတယ်။
ကာဗွန်ကဲ့သို့သော လူသားတွေ ထုတ်လွှင့်တဲ့ ဓါတ်ငွေ့တွေကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာပြီး အကျိုးဆက်အနေနဲ့ အပူချိန်တွေ စံချိန်တင်တိုးတာ၊ မိုးခေါင်တာ၊ မြေအောက်ရေ ခမ်းခြောက်တာ၊ မုန်တိုင်းတွေ ဆက်တိုက်ဖြစ်တာ၊ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခံစားလာရပြီလို့ သိပ္ပံပညာရှင်တွေက ပြောဆိုပါတယ်။
Myanmar Climate Change Alliance (MCCA) နဲ့ အခြားအဖွဲ့အစည်းများထုတ်ပြန်တဲ့ “ မြန်မာနိုင်ငံ၏ရာသီဥတု ဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်လေ့လာခြင်း” အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၉၈၀ ကနေ ၂၀၁၀ ခုနှစ်အထိ ကုန်တွင်းပိုင်း မိုးလေ၀သခန်းမှ ရရှိတဲ့အချက်အလက်အရက အမြင့်ဆုံးအပူချိန်ဟာ ဆယ်စုနှစ်တစ်ခုတိုင်း ၁ ဒီဂရီ စင်တီဂရိတ်နီးပါး မြင့်တက်လာကြောင်း သိရတယ်။
ရှေ့ဆက်လည်း အပူချိန်မြင့်တက်မှုဟာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး နှစ်တစ်နှစ်ရဲ့ အပူဆုံး နေ့ရက် အရေအတွက်တွေလည်း တိုးလာမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားတယ်။
ဆီးချိုရောဂါသည် ဒေါ်အေးအေးက “အေးတာဆိုလို့ ဆောင်းတွင်းပိုင်း သုံးလလောက်ပဲ၊ ကျန်တဲ့ချိန်တွေကတော့ ချွေးတဒီးဒီးနဲ့ နေရတာ။ ရေခဏခဏသောက်တော့ ဆီးကလည်း ခဏတိုင်းသွား၊ သူများတွေထက်ကို အန်တီတို့က ပိုပူတယ်ထင်တယ်။ သောက်ရတဲ့ဆေးတွေကလည်း ဆေးပူတွေထင်တယ်၊ အန်တီယောကျာင်္း လည်း ဆီးချိုနဲ့ ဆုံးခဲ့တာ” လို့ ပြောပါတယ်။
အပူဒဏ်ကြောင့် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ အမြင်လွှာ ထိခိုက်တာ၊ အာရုံကြော ထိခိုက်တာ၊ ဦးနှောက်သွေးကြော ပြတ်နိုင်တာတွေ ပိုဆိုးရွားစေတယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
ပူပြင်းတဲ့နွေကာလမှာ အစာချေနိုင်စွမ်းနှေးပြီး ချွေးထွက်များ ရေဓာတ်ဆုံးရှုံးတဲ့ကာလမှာ အချိုအရသာကို သွေးက လိုလားတောင့်တချိန် ဖြစ်တာကြောင့် ဆီးချိုလူနာတွေအတွက် အသင့်သောက် အချိုရည်တွေကို ရှောင်ရှားပြီး ရေကိုလုံလောက်စွာ သောက်သုံးပေးရသလို၊ လျှပ်စစ်ပန်ကာလေကို အချိန်ကြာကြာခံခြင်းက ရှောင်ရမယ်လို့ တိုင်းရင်းဆေးပညာဆောင်းပါးတွေ ရေးသားနေတဲ့ ဆရာမမုဒိတာ(တောင်သာ)က အကြံပေး ထားပါတယ်။
ဒါ့အပြင် ရာသီဥတုပူပြင်းချိန်မှာ အရေးပြားတုန့်ပြန့်မှုကြောင့် ထွက်လာတတ်တဲ့ မိတ်ဖုယားနာတွေက ဆီးချိုလူနာတွေကို ဒုက္ခထပ်ပေးတက်တာပါ။
“ မိတ်ပေါက်တော့ ကုပ်ဖဲ့တယ်၊ အရေးပြားပေါက်ပြဲပြီး အနာပါ ဖြစ်တယ်။ ဆီးချိုက အနာပေါက်ရင် သာမာန်လူထက် အကျက်နှေးတာမို့ ပိုဂရုစိုက်ရတယ်။ ဆီးချိုတက်နေရင် အနာပျောက်ဖို့ ပိုကြာတယ်၊ လုံးချာလိုက် နေတတ်တယ်” လို့ ဆီးချိုလူနာများကို နှစ်ပေါင်း ၂၀ ကြာ ကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
၂၀၀၀ –၂၀၁၉ ခုနှစ်အတွက် ရာသီဥတု ပြောင်းလဲမှု ကပ်ဘေးဒဏ်ကို ခံရနိုင်ဆုံး (Climate Risk Index) နိုင်ငံ ထဲမှာ မြန်မာနိုင်ငံဟာ ဒုတိယမြောက် အခံရဆုံး နိုင်ငံထဲမှာပါတယ်လို့ ထုတ်ပြန်ထားတယ်။
မြန်မာနိုင်ငံဟာ လာမယ့်ဆယ်စုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုကို သိသာစွာ ခံစားကြရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ (EU) က အသိပေး ပြောဆိုထားပါတယ်။
နေထိုင်စားသောက်မှုပုံစံ မှားယွင်းမှု၊ မျိုးရိုးလိုက်မှုကြောင့်ဖြစ်တဲ့ အမျိုးအစား ၂ ဆီးချိုရောဂါဟာ မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ စာရင်းရဲ့ ၉၅ ရာခိုင်နှုန်း အထိ ရှိနေပါတယ်။
ဆီးချိုလူနာတွေက လျော့မသွားတဲ့အပြင် လာမယ့် ၂၀၄၀ ခုနှစ်မှာ လက်ရှိထက် နှစ်ဆကျော် ပိုလာမယ်လို့ မြန်မာနိုင်ငံဆီးချိုသွေးချိုအသင်းက သတိပေးပြောဆိုထားပါတယ်။
၂၀၁၄ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကူအညီနဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုအသင်းက အသက်၂၅ နှစ်မှ ၆၅ နှစ် အတွင်းရှိ လူများကို စစ်ဆေးရာ လူ ၁၀၀ မှာ ၁၀ ယောက်က ဆီးချိုရောဂါ ရှိနေပြီး၊ အယောက် ၂၀ က ဆီးချိုဖြစ်ဖို့ အလားအလာ ရှိနေသူတွေ ဖြစ်တာကို တွေ့ရတယ်လို့ ပြောဆိုထားပါတယ်။
ကိန်းဂဏာန်းအရ မြန်မာပြည်လူဦးရေရဲ့ ၂ ဒဿမ ၅သန်းက ဆီးချိုလူနာဖြစ်ပြီး အဲဒီရဲ့နှစ်ဆ လူ ၅ သန်းက ဆီးချိုဖြစ်ဖို့ တာစူနေတယ်လို့ မြန်မာနိုင်ငံဆီးချိုသွေးချိုအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာတင့်ဆွေလတ်က ၂၀၂၀ နှစ် နိုဝင်ဘာ ၁၄ ရက် ကမ္ဘာ့ဆီးချိုသွေးချိုနေ့ လူထုအသိပေးဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ၂၀၁၅ ခုနှစ်က ဆီးချိုလူနာ ၇၈ သန်း ရှိပြီး ၂၀၄၀ ခုနှစ်မှာ သန်း ၁၄၀ အထိ ရှိလာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ခန့်မှန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးနောက် တရှိန်ထိုးမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေအပြင် ဒေါ်လာလဲလှယ်ဈေးလည်း စံချိန်တင် မြင့်တက်နေပါတယ်။
ပြည်ပကနေ ဒေါ်လာနဲ့ တင်သွင်းရတဲ့ ဆီးချိုလူနာတွေအတွက် နေ့စဉ်သောက်သုံးရတဲ့ မက်ဖော်မင်လို ဆီးချိုဆေးဝါးအုပ်စုဝင် ဆေးဈေးနှုန်းတွေဟာလည်း အဆမတန် မြင့်တက်နေပါတယ်။
ဆီးချိုရောဂါနဲ့ မိတ်ဖက် သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ သွေးတွင်းအဆီများ ရောဂါတွေအတွက် ကာကွယ်သောက်သုံးနေရတဲ့ ဆေးတွေလည်း ဈေးကြီးမြင့်လာလို့ ဆီးချိုလူနာတစ်ယောက်အတွက် ပုံမှန်သောက်သုံးနေရတဲ့ ဆေးဖိုးဟာ တစ်လကို နှစ်သိန်းနီးပါး ဖြစ်နေတယ်လို့ လူနာရှင်မိသားစုဝင်တွေက ပြောပါတယ်။
ဒါ့အပြင် အပူပိုင်းဇုန်ဒေသက ဆီးချိုရောဂါသည်နဲ့ နာတာရှည်ရောဂါသည်တွေအတွက် သောက်နေကျဆေးတွေ သုံးလေးဆတက်နေချိန်မှာ သွားရောက်အပူရှောင်ကြတဲ့ ပြင်ဦးလွင်ဒေသက အိမ်ခြံမြေဈေးနှုန်းဟာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တဖြေးဖြေးကြီးမြင့်လာလို့ တယ်လို့ ဆီးချိုလူနာရှင်တွေက ပြောပါတယ်။
“မြေဝယ်ဖို့ လက်ထဲငွေလေး ပြည့်လုပြည့်ခင်မှာပဲ အာဏာသိမ်းသွားရော၊ မြေဈေးတွေ ထပ်မြှောက်သွားလို့ မကပ်နိုင်တော့ဘူး၊ လာမယ့်နွေတော့ အမေ့ကို ပြင်ဦးလွင်မှာ ထားနိုင်မှကိုဖြစ်မှာ၊ အမေ အရင်လို ပြန်ဖြစ်မှာ တစ်အိမ်လုံး ကြောက်နေတာ” လို့ ကိုအောင်မျိုးက စိတ်မသက်မသာစွာနဲ့ ပြောလိုက်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူချိန်တွေဟာလည်း ၂၀၄၀ ခုနှစ်အရောက်မှာ ပိုမိုတိုးလာမယ်လို့ ခန့်မှန်းချက် ရှိလာတာကြောင့် ဆီးချိုလူနာများနဲ့ လူနာရှင်မိသားစုများအဖို့ ပုံမှန်သောက်သုံးနေကျဆေးဝါးများအပြင် သေချာမှုတခုက ဥတုကပ်ဘေးကို ကျော်လွှားနိုင်ဖို့ လိုက်လျော ညီထွေစွာ ပြောင်းလဲနေထိုင်ဖို့ဟာ ဦးစားပေးနံပါတ်တစ်အဖြစ် ပြင်ဆင်ထားရမယ့် အခြေအနေဖြစ်တယ်လို့ဆိုနိုင်ပါတယ်။