ကျူးဘား လေယာဉ်မှူးတစ်ဦး ဆိုဗီယက်လုပ် လေယာဉ်ငယ်နဲ့အတူ အမေရိကန်မှာ လာရောက်ခိုလှုံ 

ကျူးဘားနိုင်ငံက လေယာဉ်မှူး တစ်ဦးဟာ ဆိုဗီယက်ရုရှားလုပ် လေယာဉ်ငယ်လေး တစ်စီးနဲ့အတူ အမေရိကန်ကို လာရောက် ခိုလှုံခဲ့ကြောင်း သိရပါတယ်။ 

အသက် ၂၉ နှစ်အရွယ် လေယာဉ်မှူးဟာ ဆိုဗီယက်လုပ် တောင်ပံနှစ်ထပ် လေယာဉ်ငယ်လေးကို ပျံသန်းပြီး ဖလော်ရီဒါကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဖလော်ရီဒါ တောင်ပိုင်းက လေဆိပ်တစ်ခုကို ချောချောမွေ့မွေ့ ဆင်းသက်လာပြီးတဲ့နောက် သူက ကျူးဘားမှာရှိတဲ့ စပီရီတက်စ် ဒေသကနေ စတင် ထွက်ခွာလာတာလို့ လေယာဉ်မှူးက ပြောပြပါတယ်။ 

လတ်တလောမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက လေယာဉ်ငယ်လေးဟာ ကြိုတင် ဆက်သွယ်မထားဘဲနဲ့ ဘယ်လိုကြောင့် ဖလော်ရီဒါထိ ပျံသန်းလာနိုင်ခဲ့သလဲ ဆိုတာကို စုံစမ်း စစ်ဆေးနေပါတယ်။ ဒေသခံ တံငါသည် တစ်ယောက်ကတော့ အဲဒီလေယာဉ်ငယ်ဟာ ပင်လယ်ရေမျက်နှာပြင်နား ကပ်ပြီး ကမ်းခြေဖက် ဦးတည်ပျံသန်းသွားတာ တွေ့လိုက်ကြောင်း ပြောပါတယ်။ 

လေယာဉ်မှူးဟာ Antonov An-2 အမျိုးအစား လေယာဉ်ငယ်လေးနဲ့အတူ အောက်တိုဘာ ၂၁ ရက်၊ မွန်းမတည့်ခင်မှာ ဒါဒီကော်လီရာ လေကြောင်း လေ့ကျင့်ရေးနဲ့ ကုန်သွယ်ရေး လေဆိပ်ဆီ အောင်အောင်မြင်မြင် ဆင်းသက်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဆိုပါတယ်။ 

လေယာဉ်က ဆီကုန်ခါနီး ဖြစ်နေလို့ ဆင်းသက်ခွင့်ပေးဖို့ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ဆီ ဆက်သွယ်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ လေယာဉ်ငယ်လေးက ပြေးလမ်းပေါ် ဆင်းသက်ခဲ့ပါတယ်။ ကျူးဘား သတင်းဌာန တစ်ခုကတော့ အမေရိကန်ကို လေယာဉ်မှူးတစ်ဦး ထွက်ပြေး ခိုလှုံသွားတယ်ဆိုတာ အတည်ပြုခဲ့ပြီး လေယာဉ်မှူးရဲ့ နာမည်ကို ရူဘန် မာတီနက်ဇ်လို့ ဖော်ပြထားပါတယ်။ အခုအခါ ကျူးဘား အာဏာပိုင်တွေက မာတီနက်ဇ်ရဲ့ မိခင်နဲ့ ညီမကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။