ရော်နယ်လ်ဒိုကို အသင်းကနေ ရှင်းထုတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလို့ တန်ဟက်ဂ်ပြော 

သူဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းကနေ ရှင်းထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ငြင်းဆိုသွားပါတယ်။ 

သူ့အနေနဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးကို ရောင်းချသွားဖို့ မလိုလားကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။ လတ်တလောမှာတော့ ရော်နယ်လ်ဒိုဟာ ပထမအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံရပြီး အသက် ၂၁ နှစ်အောက် လူငယ်အသင်းနဲ့အတူ လေ့ကျင့်နေရပါတယ်။ 

ပြဿနာကတော့ တော့တင်ဟမ် ဟော့စပါးကို အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲမပြီးခင် ရော်နယ်လ်ဒိုက ကွင်းထဲကနေ ထွက်ခွာသွားရာကနေ အစပြုခဲ့ပါတယ်။ တန်ဟက်ဂ်က ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်း ပြီးခါနီးမှာ လူစားလဲ ဝင်ရောက်ဖို့ ညွှန်ကြားတာကို ငြင်းဆန်ခဲ့ကြောင်း ပြောပါတယ်။ 

ဒီလုပ်ရပ်အတွက် ယူနိုက်တက်ဟာ ရော်နယ်လ်ဒိုကို ချဲလ်ဆီး အသင်းနဲ့ ကစားမယ့် လူစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။ တန်ဟက်ဂ်ကတော့ ဒါဟာ ရော်နယ်လ်ဒိုမှ မဟုတ်ဘဲ ဘယ်ကစားသမားမဆို စည်းကမ်းပိုင်းအရ အရေးယူခံရမယ့် ကိစ္စမျိုးလို့ ဆိုပါတယ်။ 

သူဟာ ရော်နယ်လ်ဒိုအပေါ် ယုံကြည်မှု ရှိနေဆဲလို့ တန်ဟက်ဂ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ရော်နယ်လ်ဒိုဟာ ရာသီကုန်ထိ အသင်းမှာ ဆက်ရှိမလား၊ သူကိုယ်တိုင်ကရော ဒီအခြေအနေကို လိုလားသလားလို့ သတင်းထောက်တွေက မေးတဲ့အခါ မေးခွန်းနှစ်ခုစလုံးအတွက် ဟုတ်တယ်လို့ ဖြေရမှာဖြစ်ကြောင်း တန်ဟက်ဂ်က တုံ့ပြန်ခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုဟာ အသင်းမှာ ရေရှည် ဖယ်ထုတ်ခံထားရမလားလို့ မေးတဲ့အခါ တန်ဟက်ဂ်က သူ့အနေနဲ့ ဒီလိုဖြစ်မယ် မထင်ကြောင်း၊ ဒါက သူ့ရဲ့ ရည်ရွယ်ချက်လည်း မဟုတ်ကြောင်း၊ အသင်းမှာ ရော်နယ်လ်ဒို ရှိနေခြင်းက သိသာတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြီး သူ့ကို ဖယ်ထုတ်မထားချင်ကြောင်း ဖြေကြားခဲ့ပါတယ်။ 

လက်ရှိ ဘောလုံးရာသီမှာ စတင်တာဝန်ယူ ကိုင်တွယ်တဲ့ မန်နေဂျာ တန်ဟက်ဂ်ရဲ့ လက်ထက်မှာ ရော်နယ်လ်ဒိုဟာ ပရိသတ်တွေအကြား ဆွေးနွေးငြင်းခုံစရာ အကောင်းဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ တန်ဟက်ဂ်က ရော်နယ်လ်ဒို ဆက်ရှိမယ်လို့ ပြောထားပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ လာမယ့် ဆောင်းရာသီ စျေးကွက်မှာ အသင်းကို စွန့်ခွာမယ်လို့ သတင်းကြီးနေဆဲပါ။ သူဟာ တန်ဟက်ဂ် လက်အောက်မှာ ပွဲထွက် ကစားသမားနေရာ အာမခံချက် မရတော့သလို တစ်ရာသီလုံးမှာ ၂ ဂိုးသာ သွင်းယူနိုင်သေးပြီး ရုန်းကန်နေရပါတယ်။