အင်ဒိုနီးရှား နိုင်ငံမှာ အဆိပ်အတောက်ဓာတ် ပါဝင်တဲ့ ဆေးဝါးတွေကြောင့်လို့ ယူဆရတဲ့ ကလေးသေဆုံးမှုဟာ ၁၃၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၁ ရက်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ကျောက်ကပ် ထိခိုက် ပျက်စီးမှုတွေကြောင့် ကလေးတွေ သေဆုံးနေမှုဟာ ၁၃၃ ဦးထိ မြင့်တက်လာပြီလို့ အတည်ပြုခဲ့ပါတယ်။ အရင်ကတော့ ကလေး အသေအပျောက် ဦးရေကို ၉၉ ဦးလို့ ကြေညာထားတာပါ။
အင်ဒိုနီးရှားက ဒေသကြီး ၂၂ ခုမှာ ကျောက်ကပ် အပြင်းအထန် ထိခိုက်မှု ဝေဒနာ ခံစားရတဲ့ ကလေးငယ် ၂၄၁ ဦးထိ ရှိခဲ့ပြီး ၁၃၃ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဝန်ကြီး ဘူဒီ ဂူဒါနီ ဆာဒီကင်က ပြောပါတယ်။ ပြီးတော့ ဝေဒနာ ခံစားရတဲ့ ကလေးငယ် အများစုဟာ အသက် ၅ နှစ်အောက် အရွယ်တွေလို့ ဆိုပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနက ကလေးတွေ ကျောက်ကပ်ပျက်စီးပြီး သေဆုံးနေတဲ့ ဖြစ်စဉ်ဟာ တချို့ ချောင်းဆိုးပျောက်ဆေးတွေမှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေတာကြောင့်လို့ သုံးသပ်ထားပါတယ်။ အခုအခါ တစ်နိုင်ငံလုံးမှာ ချောင်းဆိုးပျောက်ဆေးနဲ့ တခြားဆေးရည်တွေ ရောင်းချခွင့်ကို ယာယီ ပိတ်ပင်ထားလိုက်ပြီး မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေကို ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှုတွေ စတင်နေပါတယ်။
အပြင်းအထန် နာမကျန်း ဖြစ်ခဲ့တဲ့ တချို့ ကလေးတွေရဲ့ အိမ်မှာတော့ အီသိုင်လင်း ဂလိုင်ကောနဲ့ ဒိုင်အီသိုင်လင်း ဂလိုင်ကော ဓာတ်ပစ္စည်းတွေ ရောနှောနေတဲ့ ဆေးဝါးတွေ တွေ့ရှိခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ အဲဒီ ဓာတ်ပစ္စည်းတွေဟာ ဆေးဝါးထဲမှာ မပါဝင်သင့်ဘဲ ကလေးငယ်တွေမှာ သေတဲ့အထိ ပြင်းထန်တဲ့ ကျောက်ကပ် ပျက်စီးမှုမျိုး ဖြစ်စေနိုင်တယ်လို့လည်း သိရပါတယ်။
မကြာသေးခင်က ဂမ်ဘီယာ နိုင်ငံမှာလည်း အလားတူ ဓာတ်ပစ္စည်းတွေ ရောနှောနေတဲ့ ချောင်းဆိုးနဲ့ အဖျားပျောက် ဆေးရည် ၄ မျိုးကြောင့် ကလေး ၇၀ လောက် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က ထုတ်ပြန်ဖူးပါတယ်။ ဂမ်ဘီယာမှာ လတ်တလော ပိတ်ပင်လိုက်ပြီဖြစ်တဲ့ ဆေးဝါး အမှတ်တံဆိပ် ၄ ခုကိုတော့ အိန္ဒိယ ဆေးကုမ္ပဏီ တစ်ခုက ထုတ်လုပ်ခဲ့တာပါ။ အဲဒီဆေးတွေကို အင်ဒိုနီးရှားမှာ တင်ပို့ ရောင်းချနေခြင်းတော့ မရှိဘူးလို့လည်း သိရပါတယ်။