အမေရိကန်နဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးတွေ ဖုန်းဆက်​ ဆွေးနွေး 

ရှားပါးတဲ့ အခြေအနေ တစ်ခုအဖြစ် အမေရိကန်နဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးတွေ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

ယူကရိန်း ကျူးကျော်စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုကြား အခုလို အဆင့်မြင့် အရာရှိတွေ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးမှုဟာ ရှားပါးလွန်းတဲ့ ကိစ္စမျိုး ဖြစ်လာပါတယ်။ 

အောက်တိုဘာ ၂၁ ရက်က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူတို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြတယ် ဆိုတာကို နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့ပါတယ်။ ပြီးတော့ ယူကရိန်း အရေးအတွက် ဆွေးနွေးခဲ့တယ် ဆိုတာကိုလည်း နှစ်ဖက်စလုံးရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ 

မေ ၁၃ ရက်နောက်ပိုင်း အမေရိကန်နဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးတွေ စကားပြောဖြစ်တာ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ပတ်ရိုင်ဒါက အမေရိကန်ဟာ ရုရှားနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ဖွင့်ထားဖို့ လိုလားနေဆဲလို့ ပြောပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ယူကရိန်းကိစ္စ အပါအဝင် လက်ရှိ အခြေအနေတွေရယ်၊ နိုင်ငံတကာ လုံခြုံရေး ကိစ္စတွေရယ်ကို ဝန်ကြီးနှစ်ဦး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ 

မေလတုန်းက နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်မှာတော့ အော်စတင်က ယူကရိန်း စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ဖို့ ရွှိုင်ဂူကို တောင်းဆိုခဲ့ဖူးပါတယ်။ အခုတစ်ကြိမ် ထပ်တွေ့ကြတဲ့ အခါမှာတော့ အဲဒီကိစ္စအကြောင်း ထည့်သွင်းကြေညာတာမျိုး မတွေ့ရတော့ပါဘူး။ 

စစ်ပွဲမှာ နျူကလီးယား လက်နက်တွေပါ အသုံးပြုဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စဉ်းစားနေကြောင်း ကောလာဟလတွေ ပျံ့နှံ့နေချိန်မှာ အမေရိကန်နဲ့ ရုရှားရဲ့ ကာကွယ်ရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမဲ့ အမေရိကန်နဲ့ ဗြိတိန် အစိုးရတွေကတော့ ပူတင်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုဟာ လက်တွေ့မှာတော့ ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း သုံးသပ်ထားကြပါတယ်။ 

ရုရှား-အမေရိကန် ဆက်ဆံရေးဟာ အရင်ကတည်းက အေးခဲနေခဲ့ပြီး ယူကရိန်း ကျူးကျော်စစ်ကြောင့် အဆိုးဆုံး အနေအထားထိ ကျဆင်းသွားပါတယ်။ စစ်ပွဲ မတိုင်ခင်ကထိ နှစ်နိုင်ငံ သမ္မတတွေကြား ဖုန်းနဲ့ဆက်သွယ် ဆွေးနွေးမှုတချို့ ရှိခဲ့ပေမယ့် ကျူးကျော်စစ် စချိန်ကတည်းက လုံးဝ ဆက်သွယ်ပြောဆိုမှု မရှိတော့ဘူးလို့လည်း သိရပါတယ်။