အခုသီတင်းပတ်ကုန် ပရီးမီးယားလိဂ်မှာတော့ ဇယားထိပ်ပိုင်းက နှစ်သင်းလုံး ပွဲချောင်တယ်လို့ ဆိုနိုင်ပြီး ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေတဲ့ ၅ သင်းမှာ ၄ သင်းက အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေတာ တွေ့ရပါတယ်။
နော်တင်ဟမ်ဖောရက်စ် – လီဗာပူးလ်
သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဖောရက်စ်ဟာ မခေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အင်္ဂလန် ကိုယ်စားပြုပြီး ဥရောပမှာ တက်ရောက် မင်းမူနိုင်တဲ့ထိ ဖောရက်စ်ရဲ့ အစဉ်အလာတွေက ခမ်းနားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပစ္စုပ္ပန်မှာတော့ ဖောရက်စ်ရဲ့ ပကတိ အရှိတရားဟာ မျှော်လင့်ချက် မြင့်မြင့်နဲ့ ပြင်ဆင်ထားပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်သေးတဲ့ တန်းတက်ကလပ် တစ်ခုဆိုတာထက် မပိုပါဘူး။ ၁၁ ပွဲ ကစားပြီးတဲ့နောက် ၁ ပွဲသာ နိုင်ပြီး အမှတ်ပေးဇယား အောက်ဆုံးမှာ ကျောက်ချနေတဲ့ အသင်းတစ်သင်းအတွက် လီဗာပူးလ်ကို ခံကစားနိုင်ဖို့ဆိုတာ အိပ်မက် ဆန်လွန်းပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်နေရာ လုကြမယ့် ပြိုင်ဘက်တွေ အသီးသီး ပွဲကျပ်တွေ့နေချိန် ဖောရက်စ်နဲ့ တည့်တည့်တိုးတဲ့ အခွင့်အရေးကို လီဗာပူးလ်က လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ အမှတ်ကွာဟမှု ပိုကျဉ်းမြောင်းသွားစေဖို့အတွက် ဒီပွဲကို လီဗာပူးလ်တို့ အမှားအယွင်းမရှိ ကစားပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရလဒ်ကို ပိုင်ဆိုင်သွားပါလိမ့်မယ်။
မန်ချက်စတာစီးတီး – ဘရိုက်တန်
ရာသီအစတုန်းက တော်တော်လေး ခြေစွမ်းထက်ပြီး အမှတ်ပေးဇယား ထိပ်ပိုင်းမှာပါ ဝင်ဆံ့ခဲ့တဲ့ ဘရိုက်တန်ဟာ အခုတော့ သိသိသာသာ ကျဆင်းလာနေပါပြီ။ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို အဲဒီမှတ်တမ်းက စီးတီးရဲ့ အစ်တီဟတ်ကွင်းမှာ ဂဏန်း ထပ်တိုးလာပါလိမ့်မယ်။ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့နောက် အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၄ မှတ်ထိ ကွာဟသွားတဲ့အတွက် စီးတီးဟာ နောက်ထပ် အမှတ်လေလွင့်မှု မရှိအောင် ပွဲစဉ်တိုင်းကို ဖိဖိစီးစီး ကစားရပါတော့မယ်။ လီဗာပူးလ်ကို အန်းဖီးလ်မှာ ၃ ဂိုးစီ သရေကျအောင် ကစားပြခဲ့သလိုမျိုး ဘရိုက်တန်က နောက်တစ်ကြိမ် လုပ်ပြဖို့ မဖြစ်နိုင်သလောက်ပါပဲ။ စုဖွဲ့မှုရော၊ သမ္ဘာပါ အပြတ်အသတ် သာလွန်တဲ့ လက်ရှိ ချန်ပီယံတွေက အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲ တစ်ခုကို ရယူသွားမှာ သေချာပါတယ်။
ချဲလ်ဆီး – မန်ချက်စတာယူနိုက်တက်
ကြားရက်တုန်းက တော့တင်ဟမ် ဟော့စပါးကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်ဟာ လက်ရှိရာသီအတွက် အကောင်းဆုံး ကစားပုံကို ပြသသွားခဲ့ပါတယ်။ အဲဒီပွဲက ခြေစွမ်းကို ယူနိုက်တက်က ဆက်ထိန်းထားမယ်ဆိုရင် အိမ်ရှင် ချဲလ်ဆီးအတွက် သေချာပေါက် အိပ်မက်ဆိုး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ယူနိုက်တက်ရဲ့ ခြေစွမ်းက အတက်အကျ ကြမ်းလွန်းတာပါပဲ။ နောက်ပြီး ချဲလ်ဆီးရဲ့ အိမ်ကွင်း ကစားအားက အရမ်းထက်မြက်ပါတယ်။ နောက်ဆုံးပွဲမှာ ဘရန့်ဖို့ဒ်နဲ့ သရေကျသွားပေမယ့် ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ပေးဂိုး လုံးဝမရှိဘူးဆိုတဲ့ ချဲလ်ဆီးရဲ့ လက်ရှိကာလ ဖြတ်သန်းမှုက တကယ့်ကို ချီးကျူးထိုက်ပါတယ်။ စိတ်ဝင်စားစရာ တစ်ချက်က အသင်းအပေါ် လေးစားမှု ကင်းမဲ့ခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်လ်ဒိုကို ဒီပွဲ လူစာရင်းကနေ ချန်လှပ်မယ်လို့ ယူနိုက်တက်က ကြေညာထားတာပဲ ဖြစ်ပါတယ်။ ရော်နယ်လ်ဒို ပါဝင်ခြင်း၊ မပါဝင်ခြင်းဟာ ဒီရာသီ ယူနိုက်တက်ရဲ့ ကစားပုံအပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိစေခဲ့ပြီး ချဲလ်ဆီးနဲ့ အတွေ့မှာလည်း ကောင်းကျိုးဖြစ်စေမလား၊ အဆိုးဖက် ဦးတည်သွားမလား ဆိုတာကို မြင်ရပါလိမ့်မယ်။ နှစ်သင်းလုံး အနိုင်ရဖို့ ဆတူ အခွင့်အရေး ရှိနေပြီး ချဲလ်ဆီးကတော့ အိမ်ရှင် အားသာချက် ရှိနေတာကို ထည့်တွက်ရမှာ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး – နယူးကာဆယ်ယူနိုက်တက်
နှစ်သင်းလုံးဟာ နိုင်သင့်တဲ့ ပွဲတွေကို အနိုင်ရအောင် ကစားရင်း အမှတ်ပေးဇယား ထိပ်ပိုင်းမှာ နေရာမြဲနေကြတဲ့ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ တော့တင်ဟမ်က ယူနိုက်တက်ကို စွမ်းဆောင်ရည်ပိုင်း သိသိသာသာ ကွာဟတဲ့ အနေအထားမျိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နယူးကာဆယ်ကတော့ အဲဗာတန်ကို အနိုင်ယူထားပါတယ်။ တစ်ရာသီလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် တော့တင်ဟမ်က ဘက်ပေါင်းစုံ ပိုသာသလို နယူးကာဆယ်ကို ၅ မှတ်ထိ ဖြတ်ထားနိုင်ဆဲပါ။ ဒါပေမဲ့ နယူးကာဆယ်ရဲ့ လက်ရှိ ခြေစွမ်းက တည်တည်ငြိမ်ငြိမ်နဲ့ အတက်ဖက်ကို ဦးတည်လာနေတာကို မေ့ထားလို့ မရပါဘူး။ အထူးသဖြင့် အသင်းကြီးတွေကို ပြိုင်ဘက်ကွင်းမှာ ခုခံ ကစားတဲ့ အပိုင်းမှာ နယူးကာဆယ်က ကျွမ်းကျင်လွန်းတယ် ဆိုတာကို မန်ချက်စတာ မြို့ခံနှစ်သင်းက သက်သေထွက်ချက် ပေးပါလိမ့်မယ်။ ဒီပွဲမှာတော့ တော့တင်ဟမ်က ပိုကောင်းတဲ့အသင်း၊ ပိုပြီး တိုက်စစ်ဆင်နိုင်တဲ့ အသင်းအဖြစ် ပွဲကို ဦးဆောင်သွားမှာပါ။ ဒါပေမဲ့ ဘောလုံးပွဲတွေမှာ ပိုကောင်းတဲ့ အသင်းထက် အမှားပိုနည်းတဲ့ အသင်းက လိုချင်တဲ့ရလဒ်တွေ ပိုင်ဆိုင်သွားတတ်တယ် ဆိုတာကိုတော့ သတိထားရပါလိမ့်မယ်။
ဆောက်သမ်တန် – အာဆင်နယ်
ဒီရာသီမှာ ဆောက်သမ်တန်ရဲ့ ကစားပုံက စိတ်ဝင်စားစရာ မရှိပါဘူး။ ၄ ပွဲဆက်တိုက်ရှုံး၊ ၁ ပွဲသရေကျပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားရာက ပြီးခဲ့တဲ့ ပွဲစဉ်မှာတော့ ဘွန်းမောက်သ်ကို အနိုင်ရခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်လောက်ရယ်၊ အိမ်ကွင်း အားသာချက်ရယ် ပိုင်ဆိုင်ရုံလောက်နဲ့တော့ ဒီရာသီမှာ တိုက်တိုင်းအောင် အနေအထားမျိုး ရောက်နေတဲ့ အာဆင်နယ် ခေါဘဏီတပ်ကို တားနိုင်မှာ မဟုတ်ပါဘူး။ အာဆင်နယ်ဟာ ၁၀ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲပဲရှုံးပြီး ၉ ပွဲ နိုင်ထားပါတယ်။ ရာသီအစပိုင်းမှာ အသင်းငယ် အများစုနဲ့သာ တွေ့ဆုံခဲ့တာကြောင့် အာဆင်နယ်ရဲ့ ခြေစွမ်းအပေါ် သံသယ ဝင်စရာ ရှိခဲ့ပေမယ့် မကြာသေးခင်ကတော့ တော့တင်ဟမ်နဲ့ လီဗာပူးလ်တို့လို ပြိုင်ဘက်တွေကိုပါ အလဲထိုးပြီး သူတို့ရဲ့ နိုင်လိုစိတ်ဟာ အယုတ်၊ အလတ်၊ အမြတ်မရွေး ပြင်းထန်ကြောင်း လန်ဒန်သားတွေက သက်သေ ပြခဲ့ပါတယ်။ ဒီတော့ စိန့်မေရီဆိုတဲ့ အိမ်ကွင်း အားသာချက် တစ်ခုကလွဲရင် ဒီပွဲဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် ဆောက်သမ်တန်အတွက် သက်သာစရာ အကြောင်းမမြင်ပါဘူး။ အရှေ့အရပ်က နေထွက်သလိုပဲ ဒီလိုပွဲမျိုး အာဆင်နယ် နိုင်သွားဦးမယ် ဆိုတာလည်း ဘာမှ မထူးဆန်းတော့တဲ့ ကိစ္စလို့ပဲ ဆိုရဦးမှာ ဖြစ်ပါတယ်။
အခြားပွဲစဉ်များ
အဲဗာတန် – ခရစ္စတယ်လ်ပဲလေ့စ်
ဝုလ်ဗ် – လက်စတာစီးတီး
အက်စ်တန်ဗီလာ – ဘရန့်ဖို့ဒ်
လိဒ်စ်ယူနိုက်တက် – ဖူလ်ဟမ်
ဝက်စ်ဟမ်းယူနိုက်တက် – ဘွန်းမောက်သ်