ဗြိတိန်လေတပ် လေယာဉ်တစ်စီး နီးနီးကပ်ကပ် ရှိနေချိန်မှာ ရုရှားတိုက်လေယာဉ်က ဒုံးကျည် ပစ်လွှတ်ခဲ့တဲ့ ဖြစ်စဉ်ကို ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ချွတ်ချော် မှားယွင်းမှုတွေ ဖြစ်သွားနိုင်တဲ့ ဒီကိစ္စမျိုးဟာ စက်တင်ဘာ ၂၉ ရက်က ကြုံတွေ့ခဲ့ပေမယ့် ကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ကျမှ အတည်ပြု ထုတ်ပြန်ခဲ့တာပါ။ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ရုရှား SU-27 တိုက်လေယာဉ်ရဲ့ လုပ်ရပ်ဟာ ပရော်ဖက်ရှင်နယ် မဆန်သလို အန္တရာယ်တွေလည်း ရှိလာနိုင်ကြောင်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
ပင်လယ်နက် ရေပြင်အထက်မှာ ဗြိတိန် လေတပ်ရဲ့ လက်နက် တပ်ဆင်မထားတဲ့ RC-135 Rivet Joint ကင်းထောက်လေယာဉ်တစ်စီး ပျံသန်းနေချိန် SU-27က အတော်လေး နီးကပ်တဲ့ အကွာအဝေးမှာ ဒုံးကျည် ပစ်လွှတ်ခဲ့တာပါ။ ပစ်မှတ်အဖြစ် ချိန်ရွယ်ခံရတာ မဟုတ်ပေမယ့် အနီးပတ်ဝန်းကျင်မှာ ဒုံးကျည်တစ်စီး ရှိနေတာကြောင့် ဗြိတိန် ကင်းထောက်လေယာဉ်ရဲ့ အန္တရာယ် အချက်ပေး စနစ်တွေ မြည်ဟည်းပြီး လေယာဉ် အဖွဲ့သားတွေ အထိတ်တလန့် ဖြစ်ကုန်ပါတယ်။ အဲဒီအချိန်က အနီးအနားမှာ နောက်ထပ် ရုရှား SU-27 တစ်စီးလည်း ရှိနေသေးကြောင်း သိရပါတယ်။
ဒီဖြစ်ရပ် အပြီးမှာ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဆီ စာရေးသား ပေးပို့ပြီး အရေးဆိုခဲ့ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ကျမှ ရုရှားဖက်က အကြောင်းပြန်လာပြီး စုံစမ်းမှုတွေအရ ဒီကိစ္စဟာ နည်းပညာပိုင်း ချွတ်ယွင်းမှုကြောင့် အလွဲအမှား ဖြစ်သွားတာလို့ ရေးသား ဖော်ပြထားပါတယ်။
နောက်ပြီး အဲဒီလွဲချော်မှု ဖြစ်တဲ့နေရာဟာ နိုင်ငံတကာ လေပိုင်နက်ထဲမှာ ဆိုတာကိုလည်း ရုရှားဖက်က အသိအမှတ် ပြုခဲ့ပါတယ်။ ဒီလို အမှားအယွင်းမျိုးဟာ နောက်ဆက်တွဲအဖြစ် ကြီးမားတဲ့ နိုင်ငံတကာ ပဋိပက္ခတွေ၊ တင်းမာမှုတွေကိုပါ ကြုံတွေ့သွားစေနိုင်ကြောင်း ဝေါလေ့စ်က ဝေဖန် ပြောကြားသွားပါတယ်။