ရုရှားကို ကူဖို့ အီရန် ဒရုန်းပညာရှင်တွေ ခရိုင်းမီးယား ရောက်နေကြောင်း အမေရိကန် စွပ်စွဲ 

ရုရှားတပ်ဖွဲ့ဝင်တွေကို အနီးကပ် သင်တန်းပေးဖို့ အီရန်ရဲ့ ဒရုန်း ပညာရှင်တွေဟာ ခရိုင်းမီးယား ဒေသကို ရောက်ရှိနေကြောင်း အမေရိကန် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ 

လတ်တလော ခရိုင်းမီးယားမှာ စုဝေးရောက်ရှိနေတဲ့ အီရန်နိုင်ငံသားတွေက ဒရုန်းပညာရှင်တွေ၊ အကူဝန်ထမ်းတွေ ဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ အီရန်လုပ် ကာမီကာဇီ ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနေချိန်မှာ အီရန် ဒရုန်းပညာရှင်တွေ ခရိုင်းမီးယားကို ရောက်နေကြောင်း သတင်းထွက်လာခဲ့တာပါ။ 

ခရိုင်းမီးယား ကျွန်းဆွယ်ဟာ ယူကရိန်းရဲ့ ပိုင်နက်နယ်မြေ ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်မှာ ကတည်းက ရုရှားတပ်တွေက တရားမဝင် ကျူးကျော် သိမ်းပိုက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ခရိုင်းမီးယားနဲ့ သိပ်မဝေးတဲ့ ယူကရိန်းပိုင် အိုဒက်ဆာမြို့မှာ ကာမီကာဇီ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ စတင်ကြုံတွေ့လာပြီး အခုဆိုရင် ဒီဒရုန်းတွေဟာ မြို့တော် ကိယက်ဗ်ကိုပါ စတင် ခြိမ်းခြောက်လာပါပြီ။ ဒီအတွက် အနောက် မဟာမိတ် နိုင်ငံတွေကလည်း ယူကရိန်းကို လေကြောင်း ကာကွယ်ရေး စနစ်တွေ ပိုမို ဖြည့်တင်း ပံ့ပိုးဖို့ စိုင်းပြင်းနေကြပါတယ်။ 

ကာမီကာဇီဒရုန်းလို့ ခေါ်ရတာက ပစ်မှတ်ကို ကိုယ်တိုင် အပျက်စီးခံပြီး ဝင်တိုက်ရင်း ဖောက်ခွဲပစ်တာကြောင့် ဖြစ်ပါတယ်။ ရုရှားဟာ စျေးသက်သာတဲ့ အီရန်လုပ် ဒရုန်းတွေ အများအပြားကို မှာယူပြီး ယူကရိန်း စစ်မြေပြင်မှာ အသုံးပြုနေကြောင်း အမေရိကန်နဲ့ ယူကရိန်းက စွပ်စွဲပေမယ့် အီရန်ကတော့ ရုရှားဆီ လက်နက်တွေ မတင်ပို့ကြောင်း အစဉ်တစိုက် ငြင်းဆိုနေပါတယ်။ 

ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းတွေအရ ခရိုင်းမီးယားမှာ ရုရှားရဲ့ စစ်ဆင်ရေးတွေကို ကူညီဖို့ အီရန်က အဖွဲ့တွေ ရောက်နေတယ်ဆိုတာ အတည်ပြုနိုင်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ပြောပါတယ်။ အရေအတွက် မများလှတဲ့ အီရန် ပညာရှင်တွေဟာ ရုရှားဒရုန်းပိုင်းလော့တွေဆီ ကာမီကာဇီ ဒရုန်းတွေ ထိန်းချုပ် မောင်းနှင်မှုကို သင်ကြားပေးဖို့နဲ့ နည်းပညာပိုင်း အထောက်အပံ့ပေးဖို့ ရောက်ရှိနေတာလို့လည်း သူက ဆိုပါတယ်။ 

အခုသီတင်းပတ် အစောပိုင်းက ကိယက်ဗ်မြို့ကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတွေဟာ အီရန်လုပ် Shahed-136 အမျိုးအစားတွေ ဖြစ်တယ်လို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ရန်သူ စစ်သင်္ဘောတွေဆီ အသေခံ ထိုးဆင်းပြီး ဖောက်ခွဲခဲ့တဲ့ ဂျပန် လေယာဉ်မှူးတွေရဲ့ ကြွေးကြော်သံကို အစွဲပြုပြီး ဒီဒရုန်းတွေကို ကာမီကာဇီ ဒရုန်းတွေလို့လည်း ခေါ်ဝေါ်ပါတယ်။ 

အဲဒီ ဒရုန်းတွေဟာ အရမ်းမမြန်သလို နည်းပညာပိုင်းလည်း အဆင့်မမြင့်လှပေမယ့် စျေးသက်သာပြီး ပေါပေါများများ ထုတ်လုပ်နိုင်တာကြောင့် ရုရှားစစ်တပ်က အလုံးအရင်း ဝယ်ယူ သုံးစွဲနေတယ်လို့ ယုံကြည်ရပါတယ်။ ခပ်နိမ့်နိမ့် ပျံသန်းလေ့ရှိတဲ့ ဒရုန်းတွေကို ပခုံးထမ်း လေယာဉ်ပစ် လောင်ချာတွေနဲ့တင် အလွယ်တကူ ပစ်ချနိုင်ပေမယ့် ယူကရိန်း လက်ရှိရထားတဲ့ လေယာဉ်ပစ် လောင်ချာတွေမှာ ညကြည့်စနစ် မပါတာကြောင့် ညအမှောင်ကို အားကိုးပြီး ပျံသန်းလာတဲ့ ကာမီကာဇီ ဒရုန်းတွေကို ဟန့်တားဖို့တော့ ခက်ခဲနေဆဲလို့ သိရပါတယ်။