အင်းစိန်ထောင်ရှေ့ဗုံးပေါက်ကွဲပြီးပစ်ခတ်မှုဖြစ်

ရန်ကုန်မြို့၊အင်းစိန်အကျဥ်းထောင်အရှေ့မှာ ဒီကနေ့အောက်တိုဘာ ၁၉ရက် မနက် ၉ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
“ဆေးရုံကားတွေတော့ များတယ်၊ထောင်ထဲဝင်သွားတာ၊လက်ရှိအပြင်ကနေကြားရတာတော့ သေတဲ့လူရော ၊ထိခိုက်ဒဏ်ရာရရသူရော တော်တော် များတယ်လို့ကြားတယ်။အဓိကကတော့ ထောင်ဝန်ထမ်းတွေ ထိတာများတယ်”လို့ အင်းစိန်စျေးအနီးနေထိုင်သူ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်အပြီးမှာ အကျဥ်းထောင်တွင်း ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ လို့ ပြည်သူအချို့ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“လေး၊ငါးဦးလောက်တော့ ထိမယ်၊သူတို့ကပေါက်လည်းပေါက်ရော ရမ်းပစ်တာဘယ်နှယောက်ထိလည်းတော့ အတိအကျမသိဘူး။ပြည်သူတွေထိတာတော့ရှိတယ်”လို့အကျဥ်းထောင်အနီးရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီရဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့အင်အားအများအပြားရောက်ရှိလာပြီး လက်ရှိမှာ အင်းစိန် ထောင်အနီးတဝိုက် ပိတ်ဆို့စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်း သုံးဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဂိတ်စောင့်စစ်သား အချို့ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက် အရသိရပါ တယ်။DNA အနေနဲ့ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။
သတင်းတချို့မှာတော့ ပေါက်ကွဲမှုဟာ ထောင်ဝင်စာလာပို့သူတွေကို စစ်ဆေးတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ် တာကြောင့် ထောင်ဝင်စာလာပို့တဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုအင်းစိန်အကျဥ်းထောင်ကိုဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်တာ မရှိသေးပါဘူး။