လေတပ်လေယာဉ်မှူးဟောင်းတွေကို တရုတ်က ဆက်သွယ်နေတာကို ပိတ်ပင်ဖို့ ဗြိတိန် စီစဉ်  

လေတပ်ရဲ့ လေယာဉ်မှူးဟောင်းတွေကို တရုတ်က ခေါ်ယူဖို့ ကြိုးစားနေတာကို ဗြိတိန် အစိုးရက ဟန့်တား ပိတ်ဆို့ဖို့ စီစဉ်နေပါတယ်။ 

သတင်းတွေအရ ဗြိတိန်​ တော်ဝင်လေတပ်ရဲ့ အမှုထမ်းဟောင်း ၃၀ ထက်မနည်းဟာ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရဲ့ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ ငွေကြေး အမြောက်အမြားနဲ့ ကမ်းလှမ်း ခံထားရတယ်လို့ သိရပါတယ်။ 

တစ်နည်းအားဖြင့် ဗြိတိန် လေယာဉ်မှူးဟောင်းတွေရဲ့ ပျံသန်းမှုဆိုင်ရာ အတတ်ပညာတွေ၊ အတွေ့အကြုံတွေကို PLAက ဝယ်ယူဖို့ ကြိုးစားနေတဲ့ သဘောပါပဲ။ ဒီလုပ်ရပ်ဟာ တရားဥပဒေတွေကို ချိုးဖောက်ရာ မရောက်သလို တကယ်လို့ ဗြိတိန် လေယာဉ်မှူးဟောင်းတွေက လက်ခံပြီး တရုတ်မှာ PLA လေယာဉ်မှူးတွေကို သွားရောက် သင်တန်းပေးခဲ့ရင်လည်း ရာဇဝတ်မှု မမြောက်ဘူးလို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။ 

ဒါပေမဲ့ ဒီအခြေအနေကို တားဆီးဖို့အတွက်တော့ ဗြိတိန်က ဘက်ပေါင်းစုံကနေ စဉ်းစားနေပါတယ်။ PLAမှာ သင်တန်းပေးဖို့ ကမ်းလှမ်းခံရတဲ့ ဗြိတိန် လေယာဉ်မှူးဟောင်းတွေထဲမှာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ တခြားစစ်ဘက် လေယာဉ်မျိုးစုံ မောင်းနှင်ဖူးသူတွေ ပါဝင်ပါတယ်။ တချို့ဆိုရင် သင်တန်း တစ်သုတ်အတွက် ဒေါ်လာ ၂၇၀၀၀၀ လောက်ထိ ငွေကြေးမျိုးနဲ့ ကမ်းလှမ်း ခံခဲ့ရပါတယ်။ 

တရုတ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးပါဘူး။ ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့များဝန်ကြီး ဂျိမ်းစ်ဟက်ပေက တရုတ်ရဲ့ သင်တန်းနည်းပြ စုဆောင်းရေး ကိစ္စအပေါ် ဗြိတိန် ထောက်လှမ်းရေးက အလေးအနက် သဘောထားပြီး ကာလရှည်ကြာ စောင့်ကြည့်နေခဲ့ကြောင်း ပြောပါတယ်။ တရုတ်ဟာ ဗြိတိန်အတွက် ကဏ္ဍပေါင်းစုံမှာ ပြိုင်ဘက် ဖြစ်လာသလို အရေးပါတဲ့ ကုန်သွယ်ဖက်လည်း ဖြစ်နေပြန်ကြောင်း၊ ဒါပေမဲ့ ဗြိတိန်ရဲ့ စစ်မှုထမ်းဟောင်းတွေကို စည်းရုံးပြီး ဗြိတိန်ရဲ့ စစ်ရေးအင်အားကို နားလည်ဖို့ ကြိုးစားလာတဲ့ လုပ်ရပ် အပေါ်မှာတော့ စိုးရိမ်ရမှာဖြစ်ကြောင်း ဟက်ပေက ဆိုပါတယ်။ 

လက်ရှိ အချိန်ထိတော့ PLAရဲ့ ကမ်းလှမ်းမှုတွေကို အကြောင်းပြုပြီး လေတပ် စစ်မှုထမ်းဟောင်းတွေ ဆီကနေ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ ကျိုးပေါက်တာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလို ချဉ်းကပ်မှုမျိုးကို တရားဝင် ကြပ်မတ် တားဆီးဖို့ အတွက်တော့ ဗြိတိန် အစိုးရက ဖြစ်နိုင်ခြေ နည်းလမ်းတွေကို စတင်စဉ်းစားနေကြောင်း သိရပါတယ်။