ရုရှားနဲ့ ပတ်သက်နေကြောင်း သတင်းထွက်ခဲ့တဲ့ ဂျာမန် ဆိုက်ဘာလုံခြုံရေး အကြီးအကဲ ထုတ်ပယ်ခံရ

ရုရှားနဲ့ ဆက်နွှယ် ပတ်သက်မှုတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျာမန် ဆိုက်ဘာ လုံခြုံရေးဌာန အကြီးအကဲဟာ ရာထူးက ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်။ 

ဂျာမနီ အစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက အာနီ ရွှမ်ဘွမ်းကို ရာထူးက ထုတ်ပယ်လိုက်ပြီလို့ အောက်တိုဘာ ၁၈ ရက်က ကြေညာပါတယ်။ ဂျာမန် ဖက်ဒရယ် သတင်းအချက်အလက် လုံခြုံရေးဌာန အကြီးအကဲ ဖြစ်တဲ့ ရွှမ်ဘွမ်းကို တာဝန်တွေက အနားပေးလိုက်ပြီး ဒီအမိန့်ဟာ ချက်ချင်း အသက်ဝင်စေမှာ ဖြစ်ကြောင်း ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ရွှမ်ဘွမ်းဟာ ရုရှား ထောက်လှမ်းရေး အသိုက်အဝန်းနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတစ်ခု ဂျာမနီမှာ အခြေစိုက် လှုပ်ရှားနေတာကို တမင်တကာ မသိကျိုးကျွန် ပြုခဲ့တယ်လို့ စွပ်စွဲ ခံနေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှမ်ဘွမ်းကို ထုတ်ပယ်ပေးဖို့ ဂျာမန် အစိုးရအပေါ် ဖိအားပေးမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ 

ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး နန်စီ ဖေဆာက အများပြည်သူရဲ့ ယုံကြည် ကိုးစားမှုက အရေးကြီးတဲ့ ညွှန်ကိန်း တစ်ခုဖြစ်ကြောင်း၊ အခုအချိန်မှာ ရွှမ်ဘွမ်းက နိုင်ငံရဲ့ အရေးအကြီးဆုံး ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်းမှာ ဥက္ကဋ္ဌအနေနဲ့ ဆက်ပြီး တာဝန်ယူရင် ထိခိုက်မှုတွေသာ ရှိလာနိုင်ကြောင်း ပြောကြားသွားပါတယ်။ 

ရွှမ်ဘွမ်းဟာ ၂၀၁၆ ခုနှစ်ကတည်းက ဂျာမနီ အစိုးရရဲ့ ကွန်ပျူတာနဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ လုံခြုံရေး အစီအမံတွေကို ကြီးကြပ် ကွပ်ကဲနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင် အလုပ်အကိုင်ဟောင်း တစ်ခုက ရုရှား ကုမ္ပဏီ တစ်ခုနဲ့ ဆက်စပ်ဖူးတာ ပေါ်ပေါက်လာရာကနေ ပြဿနာတွေ ကြုံလာခဲ့တာပါ။ 

ရွှမ်ဘွမ်း မျက်နှာလွှဲခဲ့တယ် ဆိုတဲ့ အဖွဲ့အစည်းကတော့ ဘာလင်မြို့မှာ အခြေစိုက်တဲ့ ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ Protelion ဖြစ်ပါတယ်။ Protelionဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီက ဂုဏ်ထူးဆောင်ဆု ချီးမြှင့် ခံရဖူးသူ KGB ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦး ထူထောင်ထားတဲ့ ရုရှား ကုမ္ပဏီ တစ်ခုရဲ့ လုပ်ငန်းခွဲ တစ်ခုလို့ ဆိုပါတယ်။ Protelionဟာ ဂျာမနီရဲ့ ဆိုက်ဘာလုံခြုံရေး အဖွဲ့ဝင် ကုမ္ပဏီ တစ်ခုအနေနဲ့ပါ ရပ်တည်နေခဲ့ပြီး ဒါကို ရွှမ်ဘွမ်းက တမင် လွှတ်ပေးထားတာလို့ စွပ်စွဲ ခံခဲ့ရတာပါ။ 

အခုတော့ Protelionလည်း ဂျာမနီ ဆိုက်ဘာလုံခြုံရေး အသိုက်အဝန်းကနေ ဖယ်ရှား ခံခဲ့ရပြီး ရွှမ်ဘွမ်းပါ ရာထူးကနေ အထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပါတယ်။