မြန်မာ့ အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့ အဆိုးရွားဆုံးနိုင်ငံစာရင်းဝင်လာ

PHOTO -SOCIAL MEDIA
စစ်အာဏာသိမ်းပြီးနှစ်နှစ်အကြာ အခုနှစ်မှာ မြန်မာ့ အင်တာနက်လွတ်လပ်ခွင့်နဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး ချိုး ဖောက်ခံရမှု အခြေအနေဟာ ကမ္ဘာ့ အဆိုးရွားဆုံး နိုင်ငံတနိုင်ငံတဖြစ် စာရင်းဝင်လာတယ်လို့ Free Expression Myanmar (FEM)အဖွဲ့ရဲ့ စာတမ်းတရပ်မှာဖော်ပြပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ တရုတ်နိုင်ငံမှာလို အင်တာနက်သုံးစွဲသူတွေကို အဆင့်မြင့်နည်းပညာတွေနဲ့ ပိတ်ဆို့တာ၊ ဆင်ဆာဖြတ်တောက်တာနဲ့ဖိနှိပ်တာတွေမလုပ်နိုင်သေးပေမယ့် အင်တာနက်ဖြတ်တောက်တာနဲ့ဒစ်ဂျစ်တယ် သုံး စွဲ သူတွေကို ဖမ်းဆီးထောင်ချတဲ့ အညွှန်းကိန်းတွေမှာ တရုတ်နိုင်ငံထက်ပိုမိုဆိုးရွားလာနေတယ်လို့ အဲ့ဒီစာတမ်း က ဆိုပါတယ်။
အခုနှစ်အတွင်း မြန်မာ့အင်တာနက်လွတ်လပ်ခွင့်နဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်ခံရမှုဟာ အာဏာသိမ်း ကာလပထမနှစ်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထက် သိသိသာသာဆိုးရွားလာတယ်လို့လည်း ဖော်ပြထားပါတယ်။
အင်တာနက်လွတ်လပ်ခွင့်အရှိဆုံး အခြေအနေကို ရမှတ် တရာအဖြစ်သတ်မှတ်ပြီး အမှတ်ပေးတွက်ချက်တဲ့ အ ညွှန်းကိန်းတွေအရ ပြီးခဲ့တဲ့နှစ်က မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ရမှတ် (၁၇)မှတ် ရှိရာကနေ အခုနှစ်မှာ (၁၂) မှတ်သာ ရှိတော့တယ်လို့ FEM က ဆိုပါတယ်။
FEM ရဲ့ အမှတ်ပေးတွက်ချက်မှု ညွှန်းကိန်းတွေအရ NLD အစိုးရ လက်ထက်ဖြစ်တဲ့ ၂၀၁၈ကနေ ၂၀၂၀ အထိ သုံးနှစ်တာ ကာလအတွင်းမှာ မြန်မာ့အင်တာနက်လွတ်လပ်ခွင့်ဟာ နှစ်စဉ် ရမှတ်(၃၀)ကျော်ရှိခဲ့ရာက စစ်ကောင် စီ လက်ထက် နှစ်နှစ်အတွင်း သုံးဆနီးပါး ကျဆင်းလာတာပါ။
အဲ့ဒီလို အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်းတွေ ကျဆင်းလာတာဟာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအနှံ့မှာ အင်တာနက်ဖြတ်တောက်မှုတွေလုပ်နေတာ၊အင်တာနက်သုံးစွဲမှုဈေးနှုန်းတွေမြှင့်တင်လိုက်တာ၊အင်တာနက်ပေါ်က တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်လာတာတွေ ကြောင့်ဖြစ် တယ်လို့ FEM ကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ဆိုးဆိုးရွားရွားကျူး လွန် နေပြီး အဲ့ဒီအထဲမှာအင်တာနက်သုံးစွဲမှုဆိုင်ရာ အခွင့်အရေးတွေအပေါ်ကျူးလွန်မှုတွေလည်း ပါဝင်တယ်လို့ ပြည် တွင်းမှာ ဒစ်ဂျစ်တယ်ဆိုင်ရာ လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။
“ဒီကနေ့ကာလ မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲရမှုအခွင့်အလမ်း၊ လွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီး ပြောမယ် ဆို ရင် တကူးတက ဖော်ထုတ်နေစရာမလိုအောင်ကို စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေဟာ ပေါ်ပေါ်တင်တင်နဲ့ ထင်သ ာ မြင်သာရှိစွာ တွေ့မြင်ကြရမှာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
အာဏာသိမ်းကာလကြာလာတာနဲ့အမျှ စစ်ကောင်စီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ နဲ့ဝန်းရံ ကူ ညီသူတွေကို ဖိနှိပ်ရာမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ စာတွေရေးသားမျှဝေရုံနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချကာ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာမျိုးတွေလည်း လုပ်လေ့ရှိပါတယ်။
ဒါ့အပြင် NUG အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုကို Like နဲ့ share လုပ်ထားမိရုံနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခံရနိုင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်က ခြိမ်းခြောက်ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံအခြေစိုက် Free House အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာအရလည်း မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ညွှန်းကိန်းဟာ အရင်နှစ်ကထက် (၅)မှတ်ကျဆင်းလာပြီး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း (၁၉)မှတ်အထိ ကျဆင်း သွားတာဖြစ်တယ်လို့ VOA သတင်းတရပ်က ဖော်ပြပါတယ်။