သပိတ်ကျင်း PDF စခန်းစီးနင်းခံရပြီး သိန်း တစ်ရာကျော်ဖိုးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ NCO သင်တန်းကျောင်းကို စစ်ကောင်စီကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်း သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်စခန်းလည်း စီးနင်းခံခဲ့ရပြီး လက်နက်နဲ့ပစ္စည်း ကျပ်သိန်းတရာကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ သပိတ်ကျင်းတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ပြောရေးဆို ခွင့်ရှိသူက DNA ကိုပြောပါတယ်။

“သူတို့သတင်းရတာက NCO သင်တန်းကွင်းကိုရတာ အဲ့မှာလာဝဲတာ၊ဖြစ်ချင်တော့ကျွန်တော်တို့စခန်းကလည်း အဲ့ဒီစခန်းရဲ့မနီးမဝေးမှာလို့ပြောလို့ရတယ်ပေါ့ ၊အပေါ်မှာသူတို့ ၁၅ မိနစ်လောက်ပျံဝဲတဲ့ အနေအထားမှာတွေ့သွားတယ်ပေါ့၊လေကြောင်းနဲ့ ပစ်တာဆိုတော့ ဘယ်ကိုပစ်လို့ပစ်မှန်းမသိပေမဲ့လို့ ချက်ချင်းပြေးခဲ့ရတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းကျောင်းကို အောက်တိုဘာ (၈) ရက်က ပစ်ခတ်တိုက်ခိုက်စီးနင်းခဲ့တာဖြစ်ပြီး တနေ့တည်းမှာပဲ အဲ့ဒီစခန်းအနီးက သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကိုပါ ဝင်ရောက်စီးနင်းရှာဖွေပြီး စခန်းတွင်းကလက်နက်နဲ့ပစ္စည်းတွေသိမ်းဆည်းခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့မှာ ဘာမှပြင်ဆင်ချိန်မရလိုက်ဘူး၊ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြည်သူတွေလှူထားတဲ့‌ ငွေနဲ့ဝယ်ထားတဲ့ လက်နက်တစ်ချို့ကိုသာနိုင်သလောက်ယူသွားရတယ်” လို့ အဖွဲ့ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ စခန်းစီးနင်းခံမှုအတွင်းတပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ တိမ်းရှောင်နိုင်ခဲ့ပေမယ့် စခန်းအတွင်းက ၆၀မမပြောင်းတလက်အပါအဝင် ခဲယမ်းတွေနဲ့ တွင်ခုံပစ္စည်း၊ စက်သုံးဆီ၊ အမိုးအကာနဲ့စားနပ်ရိက္ခာ စုစုပေါင်းသိန်းတစ်ရာကျော်ဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUGက လေ ကြောင်းရန်ကို ခုံခံနိုင်မယ့်လက်နက်အတန်အသင့် ပိုင်ဆိုင် ထားပြီးပြီလို့ အောက်တိုဘာ၇ရက်နေ့ မှာပြောကြားပြီးနောက် နောက်တစ်နေ့မှာစစ်ကောင်စီက ဝက်လက်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သင်တန်းကြောင်းကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

“ကျွန်တော်တို့ကတော့ NUGကိုအတက်နိုင်ဆုံးအကောင်းမြင်ပေးထားပါတယ်၊ခုလိုလေကြောင်း တိုက်ခိုက်တာကလည်း စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကို ခု ၁၁ လိုင်းအကုန်ထိ စစ်ကောင်စီကအပြတ်တိုက် မယ်လို့ပြောတဲ့ သတင်းတစ်ချို့တကယ်ဖြစ်လာပြီလို့ပဲတွေးမိလိုက်တယ်လို့” သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။