
ချင်းပြည်နယ်၊ ဟားခါးမြို့ ခရိုင်မီးသတ်ရုံးထဲမှာ အောက်တိုဘာ (၁၅) ရက်မနက်အစောပိုင်းက မီးလောင်လို့ မီးသတ်ကားနှစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” သူတို့ရုံးထဲရပ်ထားတဲ့နေရာမှာ လောင်သွားတာ၊ ဘယ်သူရှို့တယ်တော့မသိရဘူး၊ သူတို့ (စကစ) တွေမရှို့ဘူးလို့လဲပြောလို့မရဘူး” လို့ ဟားခါး မြို့ခံတစ်ဦးကပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဟားခါးမြို့ဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။
ဟားခါးမြို့မှာပြီးခဲ့တဲ့လပိုင်းတွေကလည်း လ.ဝ.က ရုံး၊ ပြည်နယ်ဆောက်လုပ်ရေးရုံးနဲ့ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
အဲ့ဒီမီးလောင်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး ပြည်နယ် ဆောက်လုပ်ရေးရုံးမီးလောင်စဥ်က ပါဝါဘန့် ( powerbank) အားသွင်းရာက အပူလွဲကဲပြီး မီးလောင်တယ်လို့ ဟားခါးမြို့ခရိုင်မီးသတ်ဌာနက ထုတ်ပြန်တာကလွဲလို့ အကြောင်းအရင်းကို သိရှိရခြင်းမရှိပါဘူး။ အခုတကြိမ်မှာတော့ ဟားခါးမြို့ ခရိုင်မီးသတ်ရုံးက မီးသတ်ကားနှစ်စီးပါ မီးလောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်။