ထိုင်ဝမ်အရေးမှာ လိုအပ်ရင် စစ်အင်အားသုံးမယ့် သဘောထား မပြောင်းဘူးလို့ ရှီကျင့်ဖျင်ပြော 

လိုအပ်လာရင် ထိုင်ဝမ်အရေးကို စစ်အင်အားသုံး ဖြေရှင်းဖို့ စဉ်းစားထားတဲ့ အချက်အပေါ် တရုတ် အစိုးရ အနေနဲ့ ဘယ်တော့မှ ပြောင်းလဲပစ်မှာ မဟုတ်ဘူးလို့ သမ္မတ ရှီကျင့်ဖျင်က ပြောကြားသွားပါတယ်။ 

အောက်တိုဘာ ၁၆ ရက်က တရုတ် ကွန်မြူနစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ အဖွင့်မိန့်ခွန်းမှာ ရှီက အခုလို ပြောကြားသွားတာပါ။ တခြား ပြည်ပနိုင်ငံတွေ အနေနဲ့လည်း ထိုင်ဝမ်ကိစ္စမှာ ပါဝင်စွက်ဖက်တာမျိုး မလုပ်ဖို့ သူက သတိပေးခဲ့ပြီး ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်ရင် တရုတ်ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ဆက်ပြောပါတယ်။ 

တရုတ်ဟာ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးကိုသာ အစဉ်တစိုက် အားထုတ် လုပ်ဆောင်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ လိုအပ်လာရင် စစ်အင်အား အသုံးပြုမယ်ဆိုတဲ့ ရွေးချယ်ပိုင်ခွင့်ကိုလည်း ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ကြောင်း၊ အခြေအနေအပေါ် မူတည်ပြီး ဖြစ်နိုင်သမျှ ရင်းမြစ် အားလုံးကို တရုတ်က အသုံးချသွားမှာဖြစ်ကြောင်း ရှီက ဆိုပါတယ်။ 

ပြင်ပက အင်အားစု တချို့နဲ့ ထိုင်ဝမ်က ခွဲထွက်ရေး လိုလားသူ တချို့ကို ရည်ညွှန်းပြီး တရုတ်အနေနဲ့ တိုက်ရိုက် သတိပေးလိုက်ကြောင်း ရှီက ပြောဆိုခဲ့တဲ့နောက် ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ကျယ်ကျယ်လောင်လောင် လက်ခုပ်တီး ဩဘာပေးခဲ့ကြပါတယ်။ 

သမ္မတ ဆိုင်အင်ဝမ် ဦးဆောင်တဲ့ ထိုင်ဝမ်အစိုးရဟာ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ ရပ်တည်မှုကိုသာ အလိုရှိနေပေမယ့် တရုတ် အစိုးရကတော့ ထိုင်ဝမ်ကို လက်အောက်ခံ နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ထိုင်ဝမ် အစိုးရကသာ လွတ်လပ်ရေး အတိအလင်း ကြေညာတာမျိုး လုပ်လာရင် ရေလက်ကြားလေး တစ်ခုသာခြားတဲ့ ကျွန်းနိုင်ငံကို စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့လည်း တရုတ်က ခြိမ်းခြောက်ထားပါတယ်။ 

မကြာသေးခင်က အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီက ထိုင်ဝမ်ကျွန်းကို အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ထိုင်ဝမ်ကို အကြောင်းပြုပြီး တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုတွေ ပိုမို ဆိုးရွားလာပါတယ်။ တရုတ်ဟာ ပလော့စီရဲ့ ခရီးစဉ်ကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ထိုင်ဝမ် ရေလက်ကြား တဝိုက်မှာ အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ 

ရှီဟာ အခုနှစ် ပြည်လုံးကျွတ် ညီလာခံ မိန့်ခွန်းမှာ ထိုင်ဝမ်ကိစ္စကို အရင် ၅ နှစ်၊ ညီလာခံတုန်းကထက် ပိုပြီး လေးလေးနက်နက် ပြောဆိုသွားတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ ညီလာခံမှာ ပါတီရဲ့ ခေါင်းဆောင်ပိုင်းနဲ့ သမ္မတနေရာ၊ ဝန်ကြီးချုပ်နေရာ အပြောင်းအလဲတွေကို ကြေညာလေ့ ရှိပါတယ်။ ပုံမှန်ဆိုရင် ဒီနှစ်မှာ ရှီရဲ့ ပါတီ အတွင်းရေးမှူးချုပ် ရာထူးနဲ့ သမ္မတ ရာထူးတို့မှာ အပြောင်းအလဲ ဖြစ်သင့်ပေမယ့် ရှီကတော့ နောက်ထပ် သမ္မတ ၅ နှစ်သက်တမ်းကို ဆက်လက် တာဝန်ယူဖို့ အဖက်ဖက်က ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။