ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ခြေစွမ်းကောင်းနေတဲ့ ချန်ပီယံ မန်ချက်စတာ စီးတီးဟာ အန်းဖီးလ်မှာ ရှုံးပွဲ စတွေ့သွားပြီး ဇယားထိပ်က အာဆင်နယ်ကတော့ နိုင်ပွဲဆက်ခဲ့တဲ့အတွက် အမှတ်ပေးဇယားကို ပိုပြီး ပြတ်ပြတ်သားသား ဦးဆောင်လာခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ၂ – ၀ အဲဗာတန်
ဒီရာသီမှာ အသံအတိတ်ဆုံးနဲ့ အတိုးတက်ဆုံး အသင်းအဖြစ် တော့တင်ဟမ်ကို ညွှန်းဆိုရပါလိမ့်မယ်။ နိုင်သင့်တဲ့ ပွဲတိုင်းကို အနိုင်ကစားပြီး အမှတ် အလေအလွင့် အနည်းဆုံးနဲ့ ရှေ့ဆက်နေတာကြောင့် အခုဆိုရင် မန်ချက်စတာစီးတီးနဲ့ အမှတ်တူ၊ တတိယ နေရာထိ တက်လှမ်းလာခဲ့ပါပြီ။ ဒီပွဲမှာလည်း တော့တင်ဟမ်ဟာ အိမ်ကွင်းမှာ ခြေစွမ်း အသာစီးနဲ့ ယှဉ်ပြိုင်ပြီး ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာ အဲဗာတန် ဂိုးသမား ပစ်ခ်ဖို့ဒ် ဘောလုံးကို ဖမ်းယူပုံ မသေသပ်ဘဲ လျှံထွက်လာတာကို ကိန်းက ဂိုးသွင်းဖို့ ကြိုးစားတဲ့အချိန် ပစ်ခ်ဖို့ဒ်က ဆွဲလှဲခဲ့တာကြောင့် တော့တင်ဟမ်တို့ ပင်နယ်တီ ရသွားပါတယ်။ အဲဒီပင်နယ်တီကို အသင်းခေါင်းဆောင် ကိန်းကပဲ ကန်သွင်းပြီး အိမ်ရှင်တို့ ပွဲကို ဦးဆောင်ပါတယ်။ တော့တင်ဟမ်အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ ၈၅ မိနစ်မှာ ဘန်တန်ကာရဲ့ ပေးပို့မှုကတဆင့် ကွင်းလယ်လူ ဟွိုင်ဗက်ဂျ်က ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
အက်စ်တန်ဗီလာ ၀ – ၂ ချဲလ်ဆီး
တော့တင်ဟမ်နည်းတူ ခြေစွမ်းမှန်မှန်နဲ့ ချီတက်နေတဲ့ နောက်တစ်သင်းက ချဲလ်ဆီးပါပဲ။ မန်နေဂျာသစ် ပေါ့တာရဲ့ လက်အောက်မှာ တဖြည်းဖြည်း တည်ငြိမ်လာတဲ့ လန်ဒန်ကလပ်ဟာ ၂၀၁၆ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ပေးဂိုးမရှိတဲ့ ၄ ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။ ဗီလာဟာ ဒီရာသီမှာ ခြေစွမ်း ယိမ်းယိုင်နေပေမယ့် အခုပွဲမှာတော့ ချဲလ်ဆီးကို ကောင်းကောင်းကြီး ဒုက္ခပေးသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် အဓိက သူရဲကောင်း နှစ်ယောက် ရှိခဲ့ပြီး ၂ ဂိုးလုံး သွင်းခဲ့တဲ့ မောင့်အပြင် ဗီလာရဲ့ အပိုင်ဂိုးသွင်းမှုတွေကို ထူးထူးချွန်ချွန် ကာကွယ်သွားတဲ့ ဂိုးသမား ကယ်ပါကိုလည်း မဖြစ်မနေ ချီးကျူးရမှာပါ။ ပွဲအစ ၅ မိနစ်မှာပဲ ဗီလာနောက်တန်းရဲ့ ဖျက်ထုတ်ပုံ အမှားကနေတဆင့် ဂိုးဧရိယာထဲမှာ မောင့်က အခွင့်အရေး ရသွားပြီး အပိုင်ကန်သွင်းတာကြောင့် ချဲလ်ဆီးတို့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ၆၄ မိနစ်မှာ မောင့်ကပဲ ပြစ်ဒဏ်ဘောကို လှလှပပ ကန်သွင်းသွားပြန်တာကြောင့် ချဲလ်ဆီးတို့ နှစ်ဂိုးပြတ် အနိုင်ရပြီး အိမ်အပြန် လှခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ၀ – ၀ နယူးကာဆယ်ယူနိုက်တက်
ဒီရာသီမှာ ယူနိုက်တက်တို့ ရှားရှားပါးပါး ဂိုးပေါက်ပျောက်တဲ့ ဒုတိယ ပွဲစဉ် ဖြစ်ပါတယ်။ နောက်ဆုံး ၂ ပွဲမှာ ၉ ဂိုးထိ သွင်းထားတဲ့ နယူးကာဆယ်ဟာ ပထမပိုင်းမှာ အခွင့်အရေးတချို့ ရခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိမ်ရှင်ရဲ့ ဖိအားအောက်မှာပဲ တောက်လျှောက် ကျရောက်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲရစ်ဆန် မပါနိုင်တဲ့ ယူနိုက်တက် ကွင်းလယ်ဟာ တိုက်စစ်အတွက် အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်း သိသိသာသာ လျော့ကျနေခဲ့သလို ဆန်ချို၊ ရော်နယ်လ်ဒို၊ ဖရက်ဒ်၊ အန်တိုနီတို့ရဲ့ ဂိုးသွင်းမှုတွေကလည်း လွဲချော်နေခဲ့ပါတယ်။ အိမ်ရှင် ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ပွဲကို စိတ်ကြိုက် ကစားခွင့် ရလာပေမယ့် နယူးကာဆယ်ရဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ ခံစစ်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ယူနိုက်တက် ပင်နယ်တီ ရသင့်လောက်တဲ့ အခြေအနေ တချို့ကို ဒိုင်လူကြီးက ငြင်းပယ်သွားခဲ့ပြန်ပါတယ်။ ပွဲသိမ်း နောက်ဆုံးမိနစ်မှာ ကက်စ်မဲရိုး ကန်တင်ပေးတဲ့ ဘောလုံးကို လူစားဝင် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အပိုင်ခေါင်းတိုက်ခွင့် ရပေမယ့် လွဲချော်သွားတာကြောင့် အနိုင် ၃ မှတ်နဲ့ လွဲချော်ပြီး အိမ်ကွင်းမှာ ယူနိုက်တက်တို့ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
လိဒ်စ် ၀ – ၁ အာဆင်နယ်
ပွဲအစပိုင်းမှာ လျှပ်စစ်မီး ပြဿနာကြောင့် နှောင့်နှေးမှုတွေ ကြုံပြီး စိတ်ပျက်ခဲ့ရတဲ့ အာဆင်နယ် ပရိသတ်တွေဟာ ပွဲအပြီးမှာတော့ စိတ်ဒုံးဒုံးချ ပျော်ရွှင်ခွင့် ရခဲ့ပါတယ်။ နောက်ပွဲမှာ မန်ချက်စတာ စီးတီးကလည်း ရှုံးသွားတာကြောင့် အာဆင်နယ်ရဲ့ အမှတ်ပေးဇယား ဦးဆောင်မှုက ပိုပြတ်သားလာပြီး ပရိသတ်တွေ နှစ်ဆ ပျော်ခွင့် ရလာတဲ့ သဘောပါပဲ။ လိဒ်စ်ဟာ အာဆင်နယ်ကို ကောင်းကောင်း တုံ့ပြန် ကစားပြခဲ့ပေမယ့် ဂိုးရလောက်တဲ့ထိတော့ လုံလောက်မှု မရှိခဲ့ပါဘူး။ ပွဲချိန် ၃၄ မိနစ်မှာ အိုဒီဂတ်ဒ် မျှောပေးရာကနေ ညာတောင်ပံ တိုက်စစ်မှား ဆာကာက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုးကို ရယူသွားခဲ့ပါတယ်။ အဲဒီနောက် လိဒ်စ် တိုက်စစ်မှူး ဘမ်းဖို့ဒ်က ချေပဂိုး ပြန်သွင်းပေမယ့် ဘောလုံးရယူရာမှာ ပြိုင်ဘက်ကို တွန်းခဲ့တဲ့အတွက် ဒိုင်က သွင်းဂိုးကို ခွင့်မပြုခဲ့ပါဘူး။ ၆၃ မိနစ်မှာ အာဆင်နယ် နောက်တန်းက ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ ထိခဲ့တာကြောင့် လိဒ်စ်တို့ ပင်နယ်တီ ရခဲ့ပါတယ်။ ဒါပေမဲ့ ဘမ်းဖို့ဒ်ရဲ့ ကန်ချက်က ဂိုးတိုင်ဘေး ကပ်ထွက်သွားတာကြောင့် ချေပဂိုးနဲ့ လွဲခဲ့ပြန်ပါတယ်။ ပွဲပြီးခါနီး အာဆင်နယ် ဂိုးဧရိယာထဲမှာ ဘမ်းဖို့ဒ်နဲ့ အာဆင်နယ် နောက်ခံလူ ဂေဘရီရယ်လ်တို့ လုံးလားထွေးလား ဖြစ်ရာက ဂေဘရီရယ်လ်ကို ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ပြီး လိဒ်စ်ကို ပင်နယ်တီ ကန်ခွင့် ပေးခဲ့ပါတယ်။ နောက်တော့ VAR ပြန်ကြည့်ပြီး ဂေဘရီရယ်လ်ကို အနီကတ်အစား အဝါကတ်သာ ပြခဲ့သလို ပင်နယ်တီကိုလည်း ပယ်ဖျက်ပေးတာကြောင့် အာဆင်နယ် သက်သာရာ ရခဲ့ပြီး အဖိုးတန် ၃ မှတ်ကို အရယူသွားနိုင်ခဲ့ပါတယ်။
လီဗာပူးလ် ၁ – ၀ မန်ချက်စတာစီးတီး
အန်းဖီးလ်ကွင်းက နတ်ကြီးတယ်လို့ လီဗာပူးလ် ပရိသတ်တွေ ဂုဏ်ယူစွာ ပြောဆိုနေကြတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ဒီပွဲက သက်သေ ပြသွားပါတယ်။ အခုရာသီမှာ လီဗာပူးလ်နဲ့ စီးတီးတို့ရဲ့ အနေအထားက ကွာဟချက် ကြီးလွန်းပါတယ်။ လီဗာပူးလ်က စွမ်းဆောင်ရည်ပိုင်း ဆက်တိုက် ယိမ်းယိုင်ပြီး ရလဒ်တွေ ကျဆင်းနေချိန် စီးတီးက ဥရောပရဲ့ ဂိုးသွင်းအကြမ်းဆုံး၊ ပြိုင်ဘက်တွေ အတုန်လှုပ်ဆုံး အသင်းတစ်သင်း ဖြစ်နေပါတယ်။ ဒါပေမဲ့ အန်းဖီးလ်မှာတော့ ဒီရာသီ ရှုံးပွဲမရှိသေးတဲ့၊ ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ စီးတီးရဲ့ စံချိန်တွေဟာ နိဂုံးချုပ်သွားခဲ့ရပါတယ်။ ဒီပွဲမှာ စီးတီးဟာ သူတို့ရဲ့ ကစားဟန်အတိုင်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့သလို လီဗာပူးလ် ဂိုးပေါက်ကိုလည်း အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးသမား အလီဆန်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် အရာမထင်ခဲ့ပါဘူး။ လီဗာပူးလ်ကတော့ ဒီရာသီ ပွဲစဉ်တော်တော်များများမှာ ပျောက်ဆုံးနေခဲ့တဲ့ သူတို့ရဲ့ အားသွန်ခွန်စိုက်နဲ့ စုဖွဲ့လှုပ်ရှားတဲ့ ကစားဟန်ကို ပြန်ပုံဖော်နိုင်ခဲ့ပြီး စီးတီးကို ထိထိရောက်ရောက် တုံ့ပြန်ပြခဲ့ပါတယ်။ နှစ်သင်းစလုံးက အပြိုင်အဆိုင် ဂိုးသွင်းခွင့်တွေ ရခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို ကံခေမှုတွေ၊ ဂိုးသမားတွေရဲ့ လက်စွမ်းတွေကြောင့် နှစ်သင်းစလုံး ရသင့်တဲ့ဂိုးတွေ မရခဲ့ကြပါဘူး။ ၅၃ မိနစ်မှာ စီးတီးအတွက် ဖိုဒန်က အဖွင့်ဂိုး သွင်းပေမယ့် VAR ပြန်ကြည့်တဲ့အခါ ဘောလုံးရယူချိန်မှာ အသင်းဖော် ဟာလန်းက ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့ကြောင်း ဒိုင်လူကြီးက ဆုံးဖြတ်ပြီး အဲဒီဂိုးကို ခွင့်မပြုခဲ့တာကြောင့် စီးတီးတို့ နစ်နာသွားခဲ့ပါတယ်။ ပွဲချိန် ကြာလာတာနဲ့အမျှ ဂိုးမသွင်းနိုင်တဲ့ စီးတီးက ဖိအားပိုများလာပြီး လီဗာပူးလ်ကတော့ စိတ်ဓာတ်ပိုင်း ပိုအားကောင်းလာခဲ့ပါတယ်။ ၇၅ မိနစ်မှာတော့ ဂိုးသမား အလီဆန် ကန်တင်ပေးတဲ့ ဘောလုံးကနေ ပြိုင်ဘက် ခံစစ်မှူးကို လှည့်ထွက်ပြီး လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့် ရသွားတဲ့ လီဗာပူးလ် တိုက်စစ်မှူး ဆာလားရဲ့ အဆုံးသတ် ကန်သွင်းမှုကြောင့် အိမ်ရှင်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ဒိုင်ဆုံးဖြတ်ချက် တစ်ခုကို မကျေမနပ် စောဒက တက်ခဲ့တဲ့ လီဗာပူးလ် မန်နေဂျာ ယာဂင်ကလော့ပ်လည်း အနီကတ်ပြ ထုတ်ပယ် ခံလိုက်ရပါတယ်။ ဒီပွဲအနိုင် ရလဒ်ကြောင့် လီဗာပူးလ်ဟာ အဆင့် ၈ နေရာကို ပြန်လည် တက်လှမ်းလာပြီး စီးတီးကတော့ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၄ မှတ်ထိ ပြတ်ကျန်နေပြီ ဖြစ်ပါတယ်။
အခြားပွဲစဉ် ရလဒ်များ
ဘရန့်ဖို့ဒ် ၂ – ၀ ဘရိုက်တန်
လက်စတာစီးတီး ၀ – ၀ ခရစ္စတယ်လ်ပဲလေ့စ်
ဖူလ်ဟမ် ၂ – ၂ ဘွန်းမောက်သ်
ဝုလ်ဗ် ၁ – ၀ နော်တင်ဟမ်ဖောရက်စ်
ဆောက်သမ်တန် ၁ – ၁ ဝက်စ်ဟမ်းယူနိုက်တက်