ခလရ-၃၂ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကြာအင်းဆိပ်ကြီးမြို့နယ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်

Photo- CJ
ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိတဲ့ တပ်ရင်း ခလရ-၃၂ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အနီးဝန်းကျင် ဒေသတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေ DNA ကို ပြောပါတယ်။
အောက်တိုဘာလ ၁၆ရက်နေ့ မနက် ၁နာရီ မိနစ် ၄၀ကျော်မှာ နဂါးနီစစ်ကြောင်းတပ်ခွဲ (၂) တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး ၊KNLAတပ်ရင်း (၁၇)နဲ့ FEDERAL WINGS အဖွဲ့က ရဲဘော်တွေပူးပေါင်းပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်း တပ်ခွဲ(၂)က သတင်းထုတ်ပြန်ထားပါတယ်။
“ပစ်တာကတော့ ညထဲကပစ်နေတာ ၊ ဘယ်နေရာတွေကိုပစ်လဲတော့မသိရသေးဘူး ၊ အဆက်မပြတ် ပစ်တာ၊ အပြင်ထွက်မရဘူး ၊ ပုန်းနေရတယ်၊ ” လို့ ကြာအင်းဆိပ်ကြီးမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။
ခလရ-၃၂ထဲကို ၈၁မမ ၊ ၆၀မမတို့နဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် တပ်ရင်းဗိုလ်ကြီးတစ်ဦးနဲ့ တပ်ကြပ်ကြီးစာရေးတစ်ဦးသေဆုံးခဲ့ပြီး တပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီစစ်ကြောင်း တပ်ခွဲ(၂)က ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၆)ရပ်ကွက်မှာရှိတဲ့ အရဟံ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ကြာအင်းဆိပ်ကြီး မြို့တွင်း မြို့ပြင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။