မုံရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေ ပစ်ခတ်ခံရလို့ သုံးဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘိုးဘွားရိပ်သာအနီး သံလမ်းဘေးမှာကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်လုပ်မောင်းပြန်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ သုံးဦးသေဆုံးတယ်လို့ Golden Egale Force – Monywa က DNA ကိုပြောပါတယ်။

မုံရွာမြို့ စက်မှုလမ်းခွဲ အထက်တန်းကျောင်းနားမှာမနေ့က အောက်တိုဘာ ၁၄ ရက် ညနေပိုင်းမှာစစ်တပ်က မိုင်းရှင်းလင်းရေးလုပ်နေတဲ့အချိန် ဘိုးဘွားရိပ်သာရှေ့က မော်တော်ပီကယ်ဂိတ်တဲနောက်မှာ ရပ်နေကြတဲ့ စစ်ကောင်စီတပ်သား သုံးယောက်ကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပစ်သံကြားကြားချင်း မိုင်းရှင်းနေတဲ့ခွေးတွေ တန်းရောက်လာကြတယ် အဝိုင်းပတ်နားရောက်တော့လဲ ရမ်းပစ်သေးတယ်၊ ခွေးတွေကလဲ အရမ်းများတော့ လက်နက်ကောက်ဖို့ အချိန်မရလိုက်ဘူး၊ ခုတောင် ခွေးတွေဖုန်းကြည့်နေကြလို့ ကျွန်တော်တို့ကိုပြန်မပစ်နိုင်တာ” လို့ Golden Egale Force – Monywa ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ခဏအကြာမှာတော့ နာရေးကားရောက်လာပြီး သေသွားတဲ့စစ်ကောင်စီတပ်သား သုံးယောက်ကိုလာတင်သွားတယ်လို့ဆိုပါတယ်။

လမ်းမပေါ်ကို ဆိုင်ကယ်နဲ့တက်ရတာကြောင့် အခက်အခဲတွေရှိခဲ့ပေမယ့် အဲ့ဒီနယ်မြေကို လမ်းကျွမ်းကျင်ပြီးသားဖြစ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူတွေကို မနက်ဖြန်ညကစပြီး အဲ့လမ်းတစ်ကြောကို ညကိုးနာရီကနေ မနက်လေးနာရီအတွင်း လုံး၀မဖြတ်သန်းဖို့မှာချင်ပါတယ်၊ လမ်းပြန်ဖွင့်မယ့်ရက်ကိုလည်း page ကနေပြန်ကြေငြာပေးပါမယ်” လို့ သူက ဆက်ပြောပါတယ်။

မုံရွာမြို့ ဘိုးဘွားရိပ်သာနားက ယာဥ်ထိန်းရဲဂိတ်ဟာ အသံမိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဧပြီလတုန်းကလည်း ဒေသကာကွယ်ရေးတပ်တွေဝင်ရောက်ပစ်ခတ်လို့ စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့သေးတယ်လို့ ကာကွယ်ရေးတပ်တွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။