နျူကလီးယား ဗုံးကြဲလေယာဉ်တွေ ပါဝင်မယ့် စစ်ရေးလေ့ကျင့်မှုကို NATO ကြေညာ

နျူကလီးယား ဗုံးကြဲလေယာဉ်ကြီးတွေ ပါဝင်မယ့် လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်သွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ကြေညာခဲ့ပါတယ်။ 

အောက်တိုဘာ ၁၇ ရက်မှာ NATOရဲ့ နှစ်စဉ် ပြုလုပ်နေကျ Steadfast Noon စစ်ရေးလေ့ကျင့်မှုကို စတင်သွားမှာဖြစ်ပြီး NATO အဖွဲ့ချုပ် တည်ရှိရာ ဘယ်လ်ဂျီယမ် နိုင်ငံအပြင် မြောက်ပိုင်းပင်လယ်ပြင်နဲ့ ဗြိတိန် နိုင်ငံတို့မှာပါ စစ်လေယာဉ် ၆၀ လောက် စုဖွဲ့ ပါဝင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပမှာ လာရောက် အခြေစိုက်ထားတဲ့ အမေရိကန်ရဲ့ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေလည်း ပူးပေါင်း ပါဝင်မယ်လို့ NATOက အတည်ပြုပါတယ်။ 

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ NATOတို့ကြား တင်းမာမှုတွေ အမြင့်ဆုံး ဖြစ်ပေါ်နေချိန်မှာ ဥရောပကို ဖြန့်ကျက် လွှမ်းခြုံမယ့် အခုလို လေတပ် စစ်ရေးလေ့ကျင့်မှုမျိုး အကောင်အထည် ဖော်လာတာပါ။ Steadfast Noonမှာ ပစ်မှတ်ကို လက်တွေ့ ဗုံးကြဲ တိုက်ခိုက်တာမျိုးတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

Steadfast Noonဟာ ရုရှားရဲ့ Gromလို့ခေါ်တဲ့ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုနဲ့လည်း တိုက်ဆိုက်လာနိုင်ပါတယ်။ နှစ်စဉ် အောက်တိုဘာလ နှောင်းပိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ အဲဒီ အစီအစဉ်မှာ ရုရှားက နျူကလီးယား ဗုံးကြဲလေယာဉ်တွေ၊ လေယာဉ်တင် သင်္ဘောတွေနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး အင်အားအပြည့် စစ်ရေး လေ့ကျင့်လေ့ ရှိပါတယ်။ 

NATOကတော့ Steadfast Noonဟာ ရုရှားနဲ့ ပြဿနာတွေ ဆိုးသထက် ဆိုးလာအောင် လှုံ့ဆော်ဖို့ ရည်ရွယ်ထားတာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ Steadfast Noonမှာ နိုင်ငံပေါင်း ၁၄ ခုက စစ်လေယာဉ်ပေါင်းစုံ ၆၀ လောက် ပူးပေါင်း ပါဝင် လေ့ကျင့်မှာဖြစ်ပြီး အမေရိကန်ရဲ့ ခရီးရှည် ပျံသန်းနိုင်တဲ့ B-52 မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးတွေဟာ ဒါကိုတာ ပြည်နယ် မြောက်ပိုင်းကနေ ဥရောပကို သွားရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။  

အမေရိကန်ဟာ B-52တွေကို ဒုတိယ ကမ္ဘာစစ်အပြီး သိပ်မကြာခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်မှာ စတင် ပျံသန်းစေခဲ့ပြီး ဒီနေ့ထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ Boeing ကုမ္ပဏီရဲ့ အထင်ကရ ဖန်တီးမှု တစ်ခုအဖြစ် ညွှန်းဆိုနိုင်တဲ့ B-52တွေဟာ အဲဒီ အချိန်ကစလို့ တူညီတဲ့ အင်ဂျင် အမျိုးအစားကိုပဲ အသုံးပြုပြီး ပျံသန်းနေခဲ့ပါတယ်။ B-52တွေရဲ့ ကိုယ်ထည်မှာတော့ မျိုးဆက်အလိုက် နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး အနည်းဆုံး ၂၀၅၀ ပြည့်နှစ်လောက်ထိတော့ အမေရိကန်လေတပ်ရဲ့ လက်နက်တိုက်ထဲမှာ ဆက်ရှိနေဦးမယ်လို့လည်း သိရပါတယ်။