တူရကီ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲပြီး လူနှစ်ဒါဇင်ကျော်သေ၊ ငါးဆယ်ဝန်းကျင်ပိတ်မိ

တူရကီနိုင်ငံမှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၂ ဒါဇင်ကျော် အသက်ဆုံးရှုံးခဲ့သလို ၅၀ ဝန်းကျင်လောက် အပျက်အစီးတွေအောက်မှာ ပိတ်မိနေကြောင်း သိရပါတယ်။ 

တူရကီ မြောက်ပိုင်း၊ ဘာတင်ဒေသက ကျောက်မီးသွေးမိုင်းမှာ အောက်တိုဘာ ၁၄ ရက်က ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ချိန်က မြေအနက် မီတာပေါင်း ၃၀၀ ကျော်လောက်မှာ အလုပ်လုပ်နေသူ ၁၁၀ ဝန်းကျင် ရှိခဲ့ပါတယ်။ အဲဒီထဲက ထက်ဝက်လောက်က အပျက်အစီးတွေကြောင့် မြေအောက်မှာ ပိတ်မိနေတာပါ။ 

တူရကီ ကျန်းမာရေး ဝန်ကြီး ဖာရက်တင် ကိုကာက မိုင်းတွင်းလုပ်သား ၁၁ ဦးလောက်ကို ကယ်ထုတ်ပြီး ဆေးရုံတင်ပို့ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အသက်ရှင် ကျန်ရစ်သူတွေဆီ ရောက်နိုင်ဖို့ ဥမင်တွေကို အချိန်လုပြီး တူးဖော်နေကြပါတယ်။

 ပင်လယ်နက် ကမ်းခြေက အမ်မက်စ်ရာ မြို့မှာရှိတဲ့ ကျောက်မီးသွေးတွင်းမှာ မိုင်းလုပ်သားတွေရဲ့ မိသားစုတွေက စိုးရိမ်တကြီး လာရောက်စုဝေးပြီး သူတို့ ချစ်ခင်သူတွေရဲ့ ကံကြမ္မာကို သိရဖို့ သတင်းစောင့်မျှော်နေကြပါတယ်။ 

ပေါက်ကွဲမှုဟာ မိုင်းတွင်းရဲ့အနက် မီတာ ၃၀၀ လောက်မှာ ဖြစ်ပွားခဲ့တာလို့ ယုံကြည်ရပါတယ်။ အဲဒီအချိန်မှာ မိုင်းတွင်းရဲ့ အန္တရာယ်များတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတဲ့ မီတာ ၃၀၀ နဲ့ မီတာ ၃၅၀ ကြား အနက်လောက်ထိ ဆင်းပြီး အလုပ်လုပ်နေသူ ၄၉ ဦးလောက် ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဆူလီမန် ဆွိုင်လူက ဆိုပါတယ်။ 

အဲဒီ အန္တရာယ်ဇုန်ထဲမှာ ပိတ်မိနေသူတွေဆီကိုတော့ ကယ်ဆယ်ရေး အဖွဲ့တွေ လတ်တလောမှာ လက်လှမ်းမမီသေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ ကျောက်မီးသွေး မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ဒေသခံ အစိုးရ ရှေ့နေရုံးက စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပါတယ်။

 တူရကီ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ကနဦး လေ့လာတွေ့ရှိချက်တွေအရ မီသိန်းဓာတ်ငွေ့ စုဖွဲ့မှု တစ်ခုကနေ စတင် ပေါက်ကွဲတယ်လို့ ယုံကြည်ရကြောင်း မှတ်ချက်ပေးထားပါတယ်။ ပေါက်ကွဲမှု အရှိန်ကြောင့် မိုင်းတွင်းရဲ့ အစိတ်အပိုင်းတချို့လည်း ပြိုကျသွားပါတယ်။ အဆိုးထဲက အကောင်းအနေနဲ့ မိုင်းတွင်းထဲမှာ မီးဆက်မလောင်တော့သလို လေဝင်လေထွက်ကလည်း ပုံမှန် အခြေအနေ ရှိနေကြောင်း သိရပါတယ်။ 

တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်ဟာ အောက်တိုဘာ ၁၅ ရက်မှာ အခင်းဖြစ်တဲ့ မိုင်းတွင်းဆီ ကိုယ်တိုင်သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အမ်မက်စ်ရာ မြို့တော်ဝန် ရီဆိုင် ကက်ခါက အစောပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တဲ့ မိုင်းတွင်းလုပ်သားတွေဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေ အသီးသီး ရထားကြောင်း ပြောပါတယ်။ မိုင်းလုပ်သား တစ်ယောက်ကတော့ အပျက်အစီးတွေ ကြားထဲကနေ ကိုယ်တိုင် လမ်းလျှောက်ပြီး ပြန်ထွက်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တူရကီမှာ မိုင်းတွင်း မတော်တဆမှုတွေ ရံဖန်ရံခါ ကြုံရလေ့ ရှိပါတယ်။ နိုင်ငံသမိုင်းတလျှောက် အဆိုးဆုံး ကျောက်မီးသွေး မိုင်းတွင်း မတော်တဆမှုကတော့ ၂၀၁၄ ခုနှစ်တုန်းက တူရကီ အနောက်ပိုင်း၊ ဆိုမာမြို့မှာ ဖြစ်ပွားခဲ့ပြီး မိုင်းတွင်း ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀၁ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။