
ဒဂုံမြို့သစ်တောင်ပိုင်း၊ယောက်ကော်ပန်းခြံအနီးမှာ ကင်းလှည့်လာတဲ့ စစ်ကားတစ်စီး ဒီကနေ့ အောက်တိုဘာ ၁၄ရက် မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပေါက်တာသိပ်ပြီးမပြင်းတော့ စစ်သားတချို့ထိခိုက်တာတော့ အနဲအကျဥ်းရှိသွားတယ်၊ ဆေးရုံကားနဲ့လာခေါ်တဲ့ အထိတော့မရောက်ပါဘူး၊ကားအရှေ့ခေါင်းပိုင်းနဲနဲတော့ထိသွားတာပါ”လို့ ယောက်ကော်ကားမှတ်တိုင်အနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ပြည်သူအချို့လည်း ထွက်ပြေးခဲ့ရပေမယ့် ဖောက်ခွဲတိုက်ခိုက်သူကိုတော့ စစ်တပ်က ဖမ်းမိ သွားတာ မရှိဘူးလို့ အဲ့ဒီဒေသခံကဆက်ပြောပါတယ်။
“ဟုတ်တာ၊မဟုတ်တာအသာထား မှတ်တိုင်မှာကားစောင့်နေတဲ့သူတွေကလည်း ကြောက်ပြီးတော့ ပြေးကြ တာ ရှိ တယ်၊တော်ကြာမသင်္ကာလို့ ဖမ်းတာဆီးတာလုပ်ရင် ခံရမှာလေ၊ဘာမှလည်းပြန်ပြောလို့ရတာမဟုတ်ဘူး”လို့ ဒေသ ခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ စစ်ကောင်စီတပ်တွေ အမြဲလိုလို ယာဥ်စစ်တာ၊ လုံခြုံရေးကင်းလှည့်တာ ပြုလုပ် လေ့ရှိ တဲ့နေရာတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့တခုဖြစ်တဲ့ Giant Guard Underground အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီတပ်တွေက တောင်ဒဂုံမြို့နယ်အတွင်း ကင်းလှည့်စစ်ဆေးတာ တွေလုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။