ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်တွေ ပိုင်ဆိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် 

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေမှာတော့ အာဆင်နယ်ရော၊ မန်ချက်စတာ ယူနိုက်တက်ပါ ပြိုင်ဘက်ကို ၁ ဂိုးစီနဲ့ ကပ်ပြီး အနိုင်ရခဲ့ကြပါတယ်။ 

မန်ချက်စတာ ယူနိုက်တက် ၁ – ၀ အိုမိုနီယာ နစ်ကိုရှား

ယူနိုက်တက်ဟာ နောက်တစ်ဆင့်တက်ဖို့ အရေးကြီးတဲ့အတွက် အခုပွဲစဉ်မှာ လူစုံတက်စုံနဲ့ ခင်းကျင်းလာပါတယ်။ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတာလည်း ဖြစ်တဲ့အတွက် ဘောလုံးအဆင့်အတန်း အတော်လေး နိမ့်ပါးတဲ့ ဆိုက်ပရပ်စ် နိုင်ငံက အသင်းငယ်လေး အိုမိုနီယာအတွက် အရာရာ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ အိုမိုနီယာ ဂိုးသမား အူဇိုဟိုဟာ နတ်ဝင်ပူးနေသလို လက်စွမ်းမျိုးနဲ့ အံ့မခန်း ကာကွယ်မှုတွေ လုပ်ပြသွားတာကြောင့် ယူနိုက်တက်တို့ ဂိုးရဖို့ တောက်လျှောက် ရုန်းကန်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ဂိုးပေါက်ကို ခြိမ်းခြောက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး ၁၁ ကြိမ် ဂိုးပေါက်တည့်တဲ့ အနေအထားမျိုးထိ ပွဲကို စိုးမိုးထားခဲ့ပါတယ်။ ရော်နယ်လ်ဒို၊ ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဖရက်ဒ်၊ ကက်စ်မဲရိုးစတဲ့ ယူနိုက်တက် ကစားသမားတွေရဲ့ အကြိမ်ကြိမ် ဂိုးကန်သွင်းမှုတွေဟာ ဂိုးပေါက်နဲ့ ကပ်လွဲသွားတာ၊ တိုင်ထိတာ၊ ဂိုးသမား အူဇိုဟို စွမ်းစွမ်းတမံ ကာကွယ်တာတွေကြောင့် လုံးဝ ဂိုးမရခဲ့ပါဘူး။ ဒီပွဲမှာ ယူနိုက်တက်ရဲ့ တိုက်စစ်ဟာ ဂိုးပေါက် ပျောက်နေတာကလွဲရင် ပွဲချိန် မိနစ် ၉၀ လုံးလုံး အချိတ်အဆက်မိမိ၊ ညက်ညက်ညောညော လှုပ်ရှားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် အသက်ရှူ ချောင်စေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ မိနစ် ၉၀ အကျော် နာကျင် အပိုဆောင်းချိန် ၂ မိနစ်ကျမှ ဆန်ချို ပေးပို့တာကို လူစားဝင် ကစားသမား မက်တော်မနေးက အပြင်းကန်သွင်းပြီး ရယူသွားပါတယ်။ ဒီပွဲအနိုင်ကြောင့် ယူနိုက်တက်ဟာ လက်ကျန် ၂ ပွဲမှာ ၁ မှတ်ရရုံနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ 

ဘိုဒို/ဂလင့် ၀ – ၁ အာဆင်နယ်

အဝေးကွင်းမှာ သွားကစားရပေမယ့် အာဆင်နယ်ဟာ အဓိက ကစားသမား တချို့ကို အနားပေးပြီး အရန်ကစားသမားတွေနဲ့ ပွဲထွက်လာတာ တွေ့ရပါတယ်။ ဘိုဒို/ဂလင့်ကတော့ ဒီပွဲနိုင်ခဲ့မယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ အလားအလာ ကောင်းလာနိုင်တာကြောင့် အားထည့် ယှဉ်ပြိုင်သွားပါတယ်။ ပွဲရဲ့ တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲချိန် ၂၃ မိနစ်မှာ ညာခြမ်းကနေ ထိုးဖောက်သွားတဲ့ ဆာကာက ကန်သွင်းရာမှာ ပြိုင်ဘက် ခံစစ်သမားနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားရာကနေ ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဘိုဒို/ဂလင့် အသင်းဟာ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းခွင့်တချို့ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် ချေပဂိုးနဲ့ လွဲချော်ခဲ့ရတာပါ။ အာဆင်နယ်ကတော့ ၃ ပွဲကစား၊ ၃ ပွဲနိုင် ရလဒ်နဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ 

တခြား လူသိများတဲ့ အသင်းတချို့ရဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် ရလဒ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ 

အေအီးကေ လာနာက ၁ – ၂ ဖီနာဘာချီ

ဒိုင်နမိုကိယက်ဗ် ၀ – ၁ ရင်းနက်စ်

ရီးရဲလ်ဘက်တစ် ၁ – ၁ ရိုးမား

ဖိုင်ယန်နော့ဒ် ၂ – ၂ မစ်ဒ်ဂျေလန်း

ပီအက်စ်ဗီ အိုင်ဟိုဗန် ၅ – ၀ ဇူးရစ်ချ်

ရီးရဲလ် ဆိုစီဒက် ၃ – ၀ ရှရစ်ဖ်

ထရက်ဇွန်စပေါ ၄ – ၀ မိုနာကို

လာဇီယို ၂ – ၂ စတန်းဂရက်ဇ်