ဟင်္သာတဖေါက်ခွဲမှု နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ်ကြေညာ

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့မှာ ဒီနေ့ညနေ ၄ နာရီလောက်က ဟင်္သာရုပ်အဝိုင်းအနီး ဖေါက်ခွဲမှုကို ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ဟင်္သာတဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့( HLPDF ) အဖွဲ့တွေက ပူးပေါင်းပြီး နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အဝေးထိန်း ရှေ့ထွက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ ရဲအဖွဲ့ရဲ့ ဟင်္သာရုပ်အဝိုင်းအနီးက စစ်ဆေးရေး လုပ်လေ့ရှိတဲ့ နေရာအပြင် အမှတ်(၂) ရဲစခန်းကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
DNA က ဟင်္သာတမြို့နယ် ပကဖ အဖွဲ့က တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းရာမှာ “ လုံခြုံစိတ်ချရတဲ့ နေရာကို ရောက်ပါပြီ”လို့ ပြောပါတယ်။
ဟင်္သာတမြို့နယ် ပကဖ အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ကား ၊ မော်တော်ဆိုင်ကယ် ၊ စက်ဘီးတွေကို မတရားဖမ်းဆီး ငွေကြေးတောင်းခံယူနေတဲ့ အတွက် တိုက်ခိုက်ခဲ့တာလို့ ဖေါ်ပြထားပါတယ် ။ မြန်မာစံတော်ချိန် ၇ နာရီအထိရရှိတဲ့ သတင်းအချက်အလက်တွေအရ ဒဏ်ရာရတဲ့အထဲက တဦးသေဆုံးသွားပြီလို့ သိရပါတယ်။
“အဲကောင်က ထိကတည်းက ဒဏ်ရာပြင်းတယ် ၊ အရပ်ရှည်ရှည် ကလစ်ဘီးအဖြူလေး စီးတဲ့ကောင် ။ ပုသိမ်က ပြောင်းလာတာ မကြာသေးဘူး ၊ ပြောင်းလာတုန်းက တရုတ်ဘီးအစုတ်လေးစီးတာ ၊ ဟင်္သာတရောက်ပြီးလို့မှ သိပ်မကြာသေးဘူး ကလစ်ဘီးအဖြူရောင် ဝယ်စီးတဲ့ကောင် သေပြီလို့ သိရတယ် ။ သူက အနီးကပ်ထိတာ စထိကတည်းက အခြေအနေ ဆိုးတယ်လို့” ဟင်္သာတမြို့ခံတဦးက DNA ကိုပြောပါတယ်။
အမှတ်(၂) ရဲစခန်းပေါက်ကွဲမှုမှာတော့ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ကနဦး သိရပါတယ်။