သမ္မတ ဗလာဒီမာ ပူတင်ဟာ အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှား အစိုးရဖက်က ဆွေးနွေး ညှိနှိုင်းမှုတွေကို လမ်းဖွင့်ထားပေမယ့် အနောက်နိုင်ငံတွေဖက်က လေးလေးနက်နက် အဆိုပြု ကမ်းလှမ်းတာမျိုး လုံးဝ မရှိဘူးလို့လည်း သူက ဆိုပါတယ်။
၈ လနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားဟာ အမေရိကန်၊ ဒါမှမဟုတ် တူရကီတို့လို နိုင်ငံတွေနဲ့ စေ့စပ် ဆွေးနွေးဖို့ ဆန္ဒရှိခဲ့တယ်လို့ လက်ဗ်ရော့ဗ်က ပြောပါတယ်။ ယူကရိန်းက မြို့ကြီး ၁၀ ခုထက် မနည်းကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အနည်းဆုံး လူ ၁၁ ဦးလောက် သေဆုံးခဲ့ပြီး နောက်တစ်နေ့မှာ လက်ဗ်ရော့ဗ်ဆီက အခုလို စကားသံတွေ ထွက်ပေါ်လာတာပါ။
အမေရိကန် အစိုးရ အနေနဲ့ စေ့စပ်ဆေးနွေးဖို့ လိုလားပေမယ့် ရုရှားက လက်မခံလို့ အဆင်မပြေဘူးဆိုပြီး အိမ်ဖြူတော် အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီ အပါအဝင် အမေရိကန် အစိုးရ အရာရှိ တချို့က ပြောဆိုခဲ့တာတွေ အကုန်လုံးဟာ မုသားသက်သက်သာ ဖြစ်တယ်လို့လည်း လက်ဗ်ရော့ဗ်က ရုရှား ရုပ်မြင်သံကြား ဌာနတစ်ခုနဲ့ အင်တာဗျူးမှာ စွပ်စွဲ ပြောဆိုသွားပါတယ်။
နောက်ပြီး နိုဝင်ဘာလလယ်ကျရင် အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပမယ့် G20 ညီလာခံမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အတိအကျ ကမ်းလှမ်းမှု ရှိလာရင် သမ္မတ ပူတင်ကလည်း လက်ခံမှာသာ ဖြစ်တယ်လို့ လက်ဗ်ရော့ဗ်က ဆက်ပြောပါတယ်။ သမ္မတ ပူတင်ဟာ ဘယ်တုန်းကမှ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို မငြင်းဆန်ခဲ့ကြောင်း၊ ခိုင်မာတိကျတဲ့ ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင် ရုရှားအစိုးရက စဉ်းစားမှာသာဖြစ်ကြောင်း သူက ဆိုပါတယ်။
တစ်ဖက်မှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေတွေအားလုံး ပြန်မရမချင်း ပူတင်နဲ့ စေ့စပ်ဆွေးနွေးဖို့ ဆိုတာက ဖြစ်နိုင်ခြေ မရှိဘူးလို့ ပြောဆိုထားပါတယ်။