မုံရွာမှာ အိမ်စီးကားပေါ်က စစ်သားနဲ့ပျူစောထီးတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီးနှစ်ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာ စစ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေမောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို ဒီကနေ့ အောက်တိုဘာ (၁၁) ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မိုင်းခွဲတိုက် ခိုက်ခဲ့ပြီး နှစ်ဦးသေဆုံးတယ်လို့ Golden Egale Force-Monywa က ထုတ်ပြန်ပါတယ်။

“စစ်ခွေးတွေပါ အရပ်ဝတ်တွေနဲ့၊ သူတို့ကို ချောင်း နေတာကြာပြီ၊ ဒီနေ့တောင် မိုင်းဆွဲတော့ ကျွန်တော် တို့ ရဲဘော်တွေ ပြန်ပစ်ခံရတယ်၊ နောက်ခန်းက ခွေး တွေပစ်တာ၊ ရဲဘော်တွေကိုမြင်သွားပြီး ရဲဘော်တွေရှိတဲ့လမ်းဘက်ကိုပစ်တာ” လို့ Golden Egale Force-Monywa ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။

မုံရွာမြို့အဝင် ကားကြီးကွင်းနဲ့ မျက်နှာချင်း ဆိုင်မှာ ရှိတဲ့ ကညန ရုံးကနေ ထွက်လာတဲ့ အရပ်ဝတ် စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါတဲ့ အိမ်စီးကားကို နတ်လူထိပ်ပန်ရပ်ကွက်၊ မင်းကျောင်းလမ်းထိပ်မှာ ပဒေသာမိုင်း ငါးလုံးခွဲပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် အဲ့ဒီအိမ်စီးကား ဘီးတွေ ကျွတ် ထွက်ပြီး ကားခေါင်းပိုင်းတစ်ခုလုံးကြေမွသွားကာ ကားရှေ့ခန်းမှာ ပါလာတဲ့ စစ်သားနှစ်ဦး နေရာမှာ ပွဲချင်းပြီးသေဆုံးပြီး နောက်ထပ်တစ်ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုအပြီးမှာလည်း စစ်သားတွေအဲ့ဒီလမ်းအနီးဝန်းကျင်ကိုချက်ချင်းရောက်လာတာကြောင့် သတင်းထောက်ပေးနေသူတွေရဲ့ လုံခြုံရေးအတွက် အနီးကပ်သတင်းယူဖို့မလွယ်ကူဖြစ်ခဲ့ရတယ်လို့ Golden Egale Force-Monywa ပြန်ကြား ရေးတာဝန်ခံကဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ခဲ့တဲ့မင်းကျောင်းလမ်းဟာ လူအသွားအလာများတဲ့နေရာဖြစ်ပေမယ့် စစ်ကားတွေအမြဲလိုလိုဖြတ်သန်းသွားလာပြီး စစ်ကားတွေ မန္တလေးကနေ မုံရွာကိုဝင်ရင်လည်း အဲ့ဒီကနေပဲ ဖြတ်သွားတတ်တာကြောင့် ဒီနေရာကိုရွေးချယ်မိုင်းခွဲခဲ့တာလို့ သိရပါတယ်။

“ပြည်သူသွားလာများလို့ မလုပ်လိုက်ရတဲ့မစ်ရှင်တွေလည်းရှိတယ်၊ ခုလည်း ပြည်သူရှင်းလို့သာခွဲလိုက်ရတာ၊ ပြည်သူတွေကိုပြောချင်တာ အရေးပေါ်အခြေအနေမှာ ထုတ်ပြန်တဲ့စာကိုလိုက်နာပေးဖို့၊ ခွေးကားတွေကိုတွေ့ရင် ဝေးဝေးကနေရှောင်ပေးဖို့ရယ်၊ အိမ်စီးကားတွေဆိုလည်း မှန်ချပြီးမောင်းပေးဖို့ရယ် ဒီလောက်ပါပဲ” လို့Golden Egale Force- Monywa ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Golden Egale Force-Monywa အပါအဝင် Monywa The Boys နဲ့ Farmers Revolution Force (FRF) တပ်ရင်း (၉) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအပြီးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။