ယူကရိန်းအတွက် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ ဖြည့်တင်းပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကတိပေးလိုက်ပါတယ်။
အောက်တိုဘာ ၁၀ ရက်မှာ ကိယက်ဗ် အပါအဝင် ယူကရိန်းက မြို့ကြီး ၁၀ မြို့ထက် မနည်းကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ် ဘိုင်ဒန်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ ပြီးတော့ ဒီအခြေအနေကို အကြောင်းပြုပြီး ယူကရိန်းအတွက် ပိုမိုထိရောက်တဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်မျိုး ပိုင်ဆိုင်အောင် ပံ့ပိုးသွားမယ်လို့လည်း ဘိုင်ဒန်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဖုန်းဆက်သွယ် ပြောဆိုချိန်မှာ ကတိပေးသွားပါတယ်။
ရုရှားဟာ ယူကရိန်းက မြို့ကြီးတွေကို ဒုံးကျည် အစင်း ၈၀ ကျော်နဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက်ကို ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်တွေက ကြားဖြတ် ဟန့်တား ပစ်ချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုံးကျည် အစင်း ၄၀ လောက်ကတော့ ယူကရိန်းက လူနေ ဧရိယာတွေ၊ ပြတိုက်တွေ၊ အပန်းဖြေဇုန်တွေ၊ ပန်းခြံတွေ၊ လမ်းတွေ၊ တံတားတွေကို ထိမှန်ခဲ့ပြီး လူပေါင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဇီလန်စကီးနဲ့ ဖုန်းပြောချိန်မှာ ဘိုင်ဒန်က အမေရိကန် ပြည်ထောင်စု အနေနဲ့ ရုရှားရဲ့ အဓိပ္ပါယ်မဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို ရှုတ်ချပြီး ယူကရိန်းကို စစ်လက်နက်တွေ ဆက်လက် ပံ့ပိုး ကူညီပေးမယ်လို့ ကတိပြုသွားခဲ့ပါတယ်။
သမ္မတက ယူကရိန်း နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ အကူအညီ မှန်သမျှ ပေးအပ်သွားမှာဖြစ်ပြီး အဆင့်မြင့် လေကြောင်းကာကွယ်ရေး စနစ်တွေလည်း ထောက်ပံ့သွားမယ်လို့ ယူကရိန်း အစိုးရဆီ ကတိပြုခဲ့ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန်ကတည်းက လက်ရှိ အချိန်ထိ ယူကရိန်းကို ဒေါ်လာ ၁၆.၈ ဘီလီယံဖိုး အထောက်အပံ့တွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။