လွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပဖို့ မလေးရှားဝန်ကြီးချုပ် ကြေညာ 

မလေးရှား ဝန်ကြီးချုပ်ဟာ လွှတ်တော်ကို ဖျက်သိမ်းစေပြီး ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပစေမယ်လို့ ကြေညာခဲ့ပါတယ်။ 

အောက်တိုဘာ ၁၀ ရက်မှာ ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က နိုင်ငံရဲ့ လွှတ်တော်ကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာသွားပါတယ်။ ဒါကြောင့် မလေးရှားမှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပဖို့ လမ်းရှင်းပေးလိုက်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်လာပါတယ်။ 

မလေးရှားရဲ့ ဖွဲ့စည်းပုံ ဥပဒေတွေအရ လွှတ်တော် ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမယ်လို့ သတ်မှတ်ထားပြီးသားပါ။ ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောချိန်မှာ ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီက သူဟာ မလေးရှားဘုရင် ဆူလ်တန် အက်ဘ်ဒူလာ ဆူလ်တန် အာမက်ရှားရဲ့ ခွင့်ပြုချက်ကို တောင်းခံပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ နောက်ပိုင်းမှာတော့ ဘုရင်ကလည်း ဝန်ကြီးချုပ်ရဲ့ တောင်းဆိုမှုကို လိုက်လျောရုံလွဲလို့ တခြားရွေးချယ်စရာ ရှာမတွေ့ခဲ့ကြောင်း ဝန်ခံသွားပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကို ပြန်ကြည့်ရင် မလေးရှားရဲ့ နိုင်ငံရေးဟာ တည်ငြိမ်မှု ကင်းမဲ့တဲ့ အခြေအနေတွေ၊ မူဝါဒရေးရာ အငြင်းပွားစရာတွေ ထူထပ်နေခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း မလေးရှားမှာ ဝန်ကြီးချုပ် နေရာက ခဏခဏ အပြောင်းအလဲ ဖြစ်ခဲ့သလို ကိုဗစ် ကပ်ရောဂါဆိုး ရိုက်ခတ်မှုကြောင့် နိုင်ငံရဲ့ လူမှု စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍတွေအပေါ် သက်ရောက်မှုတွေ အပြင်းအထန် ဖြစ်ပေါ်စေခဲ့ပါတယ်။ 

အခုအခြေအနေတွေအရ အစိုးရတစ်ရပ်ကို ရွေးချယ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ပြည်သူတွေဆီ အခွင့်အာဏာ ပြန်အပ်နှင်းဖို့ အချိန်တန်ပြီလို့ ယုံကြည်ကြောင်း၊ ပြည်သူ့ ရွေးချယ်မှုကသာ နိုင်ငံရေး တည်ငြိမ်မှု၊ အခြေခိုင်မာတဲ့ အစိုးရ တစ်ရပ်ကို ဖန်တီးနိုင်မှုတွေအတွက် အစွမ်းထက် ဖြေဆေးတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အစ္စမေးလ် ဆာဘရီဟာ ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လကမှ မလေးရှား ဝန်ကြီးချုပ် ရာထူးကို ဆက်ခံခဲ့သူပါ။ 

မလေးရှား ရွေးကောက်ပွဲ ကော်မရှင်က ဝန်ကြီးချုပ်ရဲ့ အတည်ပြု ဆုံးဖြတ်ချက်ကို လက်ခံရရှိထားပြီလို့ ပြောပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ကိုတော့ မဆုံးဖြတ်သေးပါဘူး။ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် မလေးရှား ဥပဒေပြုလွှတ်တော် အမတ်နေရာ ၂၂၂ ခုအတွက်လည်း ပြန်လည် ယှဉ်ပြိုင်ကြရတော့မှာပါ။ 

၂၀၂၀ ပြည့်နှစ်မှာ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် နုတ်ထွက်သွားချိန် ကတည်းက မလေးရှားရဲ့ အကြီးဆုံး နိုင်ငံရေး ညွန့်ပေါင်း အင်အားစုဖြစ်တဲ့ ယူနိုက်တက် မလေး အမျိုးသား အဖွဲ့ချုပ်ဟာ အကွဲအပြဲတွေ၊ မညီညွတ်မှုတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ အစ္စမေးလ် ဆာဘရီ မတိုင်ခင်က ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ မူဟစ်ဒင် ယာဆင်ကလည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပေမယ့် သူ့ရဲ့ နောက်ခံ နိုင်ငံရေး အင်အားစုထဲက အမတ်တွေ ကိုယ်တိုင် မထောက်ခံတဲ့အတွက် ရာထူးက ပြန်လည် နုတ်ထွက်ခဲ့ရကြောင်း သိရပါတယ်။