စမ်းချောင်းမြို့နယ်မှာ လူငယ်တစ်ချို့ကို စစ်ကောင်စီက နေအိမ်မှာလာရောက် ဖမ်းဆီးသွား

စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း(တောင်)ရပ်ကွက်မှာ ဒီကနေ့အောက်တိုဘာ ၁၀ရက် မနက် ၁၀နာရီ ဝန်းကျင်မှာ စစ်ကောင်စီက လူငယ်အချို့ကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က အင်အားနဲနဲများတယ်၊ကျွန်မတို့ ဘာဝနာလမ်းလို့ခေါ်တာပေါ့၊အဲ့ဒီက လူနေတိုက်မှာ ဝင်ဖမ်းသွားတာ၊သုံးလေးယောက်လောက်ရှိမယ်၊အတိအကျတော့ မသိဘူး”လို့ မုန့်လုပ်ဆောင်းကုန်းတောင် ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အိမ်စီးကား ၃စီး၊အရပ်ဝတ်တွေနဲ့လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးချိန်မှာ ပတ် ဝန်းကျင်ကို ကိုယ်နဲ့မဆိုင်ရင်ထွက်မကြည့်နဲ့ဆိုကာ ခြိမ်းခြောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုလူငယ်တွေကို လာရောက်ဖမ်းဆီးခဲ့တာဟာ ဘာကြောင့်လဲဆိုတာမသိရသေးပေမယ့် ရပ်ကွက်နေပြည် သူတွေကတော့ ဆန္ဒပြလူငယ်တွေဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။လာရောက်ဖမ်းဆီးချိန်မှာ ပစ်ခတ် တာမျိုးမရှိပေမယ့် ရိုက်နှက်ဖမ်းဆီးတာမျိုးရှိမရှိ ပတ်ဝန်းကျင်နေသူတွေအတိအကျမသိကြပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးပတ်အတွင်း ရန်ကုန်မြို့မှာ နဝတ ခေတ် သံတမန်ဟောင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းသွင်နဲ့သားမက်တို့ နေအိမ်မှာပစ်ခတ်ခံရတဲ့အပြင် မြို့တွင်းမြို့နယ်တချို့မှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်တွေအပြီးမှာ စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်ခဲ့ပြီး တိတ်တဆိတ်ဖမ်းဆီးမှုတွေလည်းရှိနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ရန်ကုန် ဒဂုံမြို့သစ်(တောင်ပိုင်း)က မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်တဲ့ SDGF အဖွဲ့ဝင် တချို့ ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း အဲ့ဒီအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။