လူ ၉ ဦးကို ကိုက်သတ်ထားတဲ့ ကျားတစ်ကောင်ကို သုတ်သင် ဖျက်ဆီးပစ်ခဲ့ရကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘီဟာပြည်နယ်၊ ချမ်ပါရန် ဒေသမှာ ကျားဆိုးတစ်ကောင် သောင်းကျန်းနေတာကြောင့် သစ်တောဌာန တာဝန်ရှိသူတွေ၊ ရဲဌာနနဲ့ မုဆိုးတွေအပါအဝင် လူ ၂၀၀ လောက် ပူးပေါင်းပြီး လိုက်လံ ရှာဖွေ ရှင်းလင်းခဲ့ရတာပါ။ ချမ်ပါရန်ရဲ့ လူသားစားသူလို့ နာမည်ပေးထားတဲ့ ကျားဆိုးဟာ အနည်းဆုံး လူ ၉ ဦးကို သတ်ဖြတ်ခဲ့ပြီးပြီလို့ ဆိုပါတယ်။
ဗယ်လ်မီကီ ကျားထိန်းသိမ်းရေး ဘေးမဲ့တော ဧရိယာ တဝိုက်မှာ အရမ်းဆိုးသွမ်းနေတဲ့ ကျားကြီးကို လိုက်ရှာတဲ့ အဖွဲ့တွေဟာ လေ့ကျင့်ပေးထားတဲ့ ဆင်တွေကိုပါ အသုံးပြုခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆီတာလူတာ ဘာလူဝါ ကျေးရွာနားမှာ ၃ နှစ်သား ကျားထီးကြီးကို ဝန်းရံမိခဲ့ပြီး သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီကျားကို သစ်တော ထိန်းသိမ်းရေး ဌာနက T-104လို့ ကုဒ်နာမည် သတ်မှတ် ခေါ်ဝေါ်ထားပါတယ်။
အောက်တိုဘာ ၈ ရက်မှာ T-104က ကလေးတစ်ယောက်နဲ့ မိခင်ဖြစ်သူကို ထပ်မံကိုက်သတ်သွားကြောင်း သတင်းရတာနဲ့ တောနင်းပြီး ဖြန့်ကျက် ရှာဖွေခဲ့တာလို့ သစ်တောဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီသတင်းကို ကြားပြီးတဲ့နောက် ဒေသခံ ကျေးရွာတွေမှာ လူတွေက ညတောင် မအိပ်ရဲတော့ထိ အထိတ်တလန့် ဖြစ်ကုန်ပါတယ်။ ပထမဆုံး T-104ကို မေ့ဆေးနဲ့ ပစ်ဖမ်းဖို့ ကြိုးစားမှုက မအောင်မြင်ခဲ့သလို ကျားကြီးက ချဉ်းကပ်လာသူတွေကို လုံးဝ အကြောက်အလန့်မရှိ ရန်လိုနေတဲ့အတွက် မဖြစ်မနေ ပစ်သတ်လိုက်ရတာလို့ သိရပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ သဘာဝအတိုင်း နေထိုင်ကျက်စားတဲ့ ကျားကောင်ရေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းလောက် မှီတင်းနေထိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကျားတွေက လူနေဧရိယာတွေကို ရှောင်လေ့ ရှိပေမယ့် တချို့ အခြေအနေတွေမှာတော့ သစ်တောတွေဖက် လူနေရပ်ရွာတွေ တိုးချဲ့လာရာကနေ ကျားအပါအဝင် တောရိုင်းတိရစ္ဆာန်တွေနဲ့ လူသားတွေကြား ပဋိပက္ခတွေ ပေါ်ပေါက်လာတတ်ပါတယ်။
အစိုးရက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ နှစ်စဉ် အိန္ဒိယမှာ ကျားကိုက်လို့ သေတဲ့သူ ၄၀ နဲ့ ၅၀ ကြားလောက် ရှိနေကြောင်း သိရပါတယ်။