မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာ အာဆင်နယ် အသင်းဟာ နာမည်ကြီး လီဗာပူးလ်ကို အနိုင်ယူပြီး မန်ချက်စတာ စီးတီးဆီ ၁ ရက်တာ လွှဲထားရတဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း အဲဗာတန်ကို အနိုင်ယူပြီး ပြီးခဲ့တဲ့အပတ် အရှက်တကွဲ ရှုံးနိမ့်မှုကနေ ပြန်ရုန်းထလာနိုင်ခဲ့ပါတယ်။
အာဆင်နယ် ၃ – ၂ လီဗာပူးလ်
အခုသီတင်းပတ်ရဲ့ ပရိသတ် စိတ်အဝင်စားဆုံး ပွဲစဉ်ဖြစ်ခဲ့သလို အကြိတ်အနယ်လည်း ရှိခဲ့ပါတယ်။ နှစ်သင်းလုံး လူစုံခဲ့ပြီး ဘယ်နောက်ခံလူ နေရာတွေမှာ အရန်လူတွေကို သုံးစွဲခဲ့တဲ့ အခြေအနေလည်း တူညီခဲ့ပါတယ်။ ပွဲအစ ၁ မိနစ်မှာတင် လီဗာပူးလ် အဆင်သင့် မဖြစ်သေးခင် အာဆင်နယ်က မြန်မြန်ဆန်ဆန် ထိုးဖောက်လာပြီး အိုဒီဂတ်ဒ် ပေးပို့တဲ့ ဘောလုံးကို လူကျွံထောင်ချောက် ဖောက်ထွက်သွားတဲ့ မာတီနယ်လီက ကန်သွင်းပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ၃၃ မိနစ်မှာ အာဆင်နယ်ရဲ့ အမှားကနေ ညာခြမ်းက ဒီယက်ဇ် ဘောလုံးရသွားပြီး ပေးပို့တာကို လီဗာပူးလ် တိုက်စစ်မှူး နူးနက်ဇ်က အပိုင်ပိတ်ပြီး ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်း ပြီးခါနီးမှာ ဘယ်တောင်ပံလူ မာတီနယ်လီ ဆွဲပြေးပြီး ဖြတ်ပို့တာကို ဂျေးဇူးစ်က အသာလေး ဟပေးလိုက်တဲ့ ဘောလုံးက ဆာကာဆီ တည့်တည့်ရောက်သွားပြီး အင်္ဂလန်သားက လျှောထိုး ပိတ်သွင်းတာကြောင့် အာဆင်နယ်တို့ ပထမပိုင်း အပြီးမှာ ပွဲကို ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ ချေပဂိုးရဖို့ ပိုမို အားထုတ်လာပြီး လက်တွေ့လည်း အထမြောက်သွားပါတယ်။ ၅၂ မိနစ်မှာ ဂျိုတာက ပြေးလမ်းထဲ မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို လီဗာပူးလ် တိုက်စစ်မှူး ဖာမီနိုက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၇၅ မိနစ်မှာတော့ လီဗာပူးလ် ဂိုးဧရိယာထဲမှာ ဂျေးဇူးစ် ဘောလုံးရယူတဲ့အချိန် လီဗာပူးလ် ကွင်းလယ်လူ သီယာဂိုက နင်းသလို ဖြစ်သွားတာကြောင့် အာဆင်နယ်တို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ဆာကာက အမှားအယွင်းမရှိ အဆုံးသတ်ပြီး အာဆင်နယ်ရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဆက်လက် မြဲမြံစေခဲ့ပါတယ်။
အဲဗာတန် ၁ – ၂ မန်ချက်စတာယူနိုက်တက်
ပြီးခဲ့တဲ့ သီတင်းပတ်က ခါးသီးပြိုင်ဘက် မန်ချက်စတာ စီးတီးကို ဂိုးဒါဇင်ဝက် ခွင့်ပြုပြီး အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ ခပ်မြန်မြန်ပဲ နာလန်ပြန်ထလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုးရာမပျက်လို့ ဆိုရလောက်အောင် ပြိုင်ဘက် အသင်းကိုတော့ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပါတယ်။ ပွဲချိန် ၄ မိနစ်မှာတင် ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးရဲ့ အမှားကနေ အဲဗာတန်တို့ ဘောလုံးရသွားပြီး ဂရေးက ပေးပို့တာကို အိုင်ဝိုဘီက ဂိုးဧရိယာ အပြင်ဖက်ကနေ လှလှပပ ကန်သွင်းပြီး အိမ်ရှင်အသင်း အဖွင့်ဂိုး ရခဲ့ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် ယူနိုက်တက် ကစားပုံ ပျက်မသွားခဲ့ဘဲ နောက်ထပ် ၁၀ မိနစ် အကြာမှာ ချေပဂိုး ပြန်သွင်းပါတယ်။ ကွင်းလယ်နဲ့ ဆင်းချိတ်ပြီး အပေးအယူ ကစားပေးနေတဲ့ တိုက်စစ်မှူး မာစီရယ်လ်က မျှောထုတ်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းက တဟုန်ထိုး ပြေးတက်လာတဲ့ အန်တိုနီ ရသွားပြီး ကန်သွင်းခဲ့တာကြောင့် ၁ ဂိုးစီသရေ ဖြစ်လာပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၃ ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ ကက်စ်မဲရိုး မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ယူနိုက်တက် ဝါရင့် တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုက ဆွဲပြေးပြီး အမှားအယွင်းမရှိ ကန်သွင်းခဲ့တာကြောင့် သူ့ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်းတလျှောက် ကလပ်အသင်းအဆင့် သွင်းဂိုး ၇၀၀ ပြည့်တဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်ကြတဲ့အတွက် ယူနိုက်တက် အနိုင်ရသွားပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်လာခဲ့ပါတယ်။
အခြားပွဲစဉ်ရလဒ်များ
ခရစ္စတယ်လ်ပဲလေ့စ် ၂ – ၁ လိဒ်စ်ယူနိုက်တက်
ဝက်စ်ဟမ်းယူနိုက်တက် ၃ – ၁ ဖူလ်ဟမ်