ခရိုင်းမီးယားနဲ့ ရုရှား ဆက်သွယ်ရာ တံတားပေါ်မှာ မီးလောင် ပေါက်ကွဲမှုဖြစ်ပွား 

Photo – Reuters

ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရှားပိုင်နက်ကို ဆက်သွယ်ထားရာ တစ်ခုတည်းသော တံတားပေါ်မှာ အကြီးအကျယ် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့ကြောင်း သိရပါတယ်။ 

ရုရှား အာဏာပိုင်တွေက တံတား မီးလောင်မှုဟာ ပေါက်ကွဲမှု တစ်ခုကနေ အစပြုခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။ ပေါက်ကွဲမှု တစ်ခု ဖြစ်ရာက တံတားရဲ့ ရထားလမ်းပိုင်းပေါ်မှာ ရှိနေတဲ့ လောင်စာဆီတင် ရထားတွဲတွေကို မီးကူးစက်ပြီး အကြီးအကျယ် မီးလောင်ခဲ့တာပါ။ 

ဗီဒီယို မှတ်တမ်းတွေအရ တံတားပေါ်မှာ ရထားတွဲတစ်စီး မီးအပြင်းအထန် လောင်ကျွမ်းပြီး ဆိုးဆိုးရွားရွား ပျက်စီးနေတာတွေကို တွေ့ရပါတယ်။ အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ ခရိုင်းမီးယား တံတားရဲ့ လမ်းပိုင်းတစ်ခုပေါ်က ထရပ်ကားတစ်စီး ပေါက်ကွဲရာက မီးပျံ့နှံ့ လောင်ကျွမ်းခဲ့ကြောင်း၊ အဲဒီမီးဟာ လောင်စာဆီတင် ရထားတွဲ ၇ ခုဆီ ကူးစက်သွားခဲ့ကြောင်း ရုရှား အစိုးရ မီဒီယာတွေက ထုတ်ပြန်ပါတယ်။ 

မွန်းလွဲပိုင်းထိ တံတားပေါ်မှာ မီးမငြိမ်းသေးဘဲ မီးသတ်တပ်ဖွဲ့တွေက မီးကို ဆက်လက် ထိန်းချုပ်ဖို့ ကြိုးစားနေရပါတယ်။ လတ်တလောမှာတော့ တံတားပေါ်မှာ ရထားနဲ့ ကားအသွားအလာ အားလုံးကို ပိတ်ထားလိုက်ရပါတယ်။ 

ခရိုင်းမီးယားကျွန်းဆွယ်ဟာ ယူကရိန်းပိုင်နက် ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ် ကတည်းက ရုရှားတပ်တွေ ကျူးကျော် သိမ်းပိုက်ထားခဲ့ပါတယ်။ အခုမီးလောင်မှု ဖြစ်ခဲ့တဲ့ တံတားဟာ ကက်ချ်ရေလက်ကြားကို ဖြတ်သန်း တည်ဆောက်ထားပြီး ၂၀၁၈ ခုနှစ်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် အခမ်းအနားနဲ့ တက်ရောက် ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ 

မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာဟာ ယူကရိန်းတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေနဲ့ အနည်းဆုံး မိုင် ၁၀၀ လောက် ကွာဝေးပါတယ်။ ဖောက်ခွဲရေး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ကတော့ တံတားပေါ်က ပေါက်ကွဲမှုဟာ ဒုံးကျည်ထိမှန်တာမျိုးကြောင့် မဖြစ်နိုင်ကြောင်း မှတ်ချက် ပေးထားပါတယ်။ ဒါပေမဲ့ တံတားအောက်ပိုင်းကနေ စနစ်တကျ ဖောက်ခွဲ တိုက်ခိုက်တာမျိုး ဆိုရင်တော့ ဒီလို သက်ရောက်မှုမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။ ယူကရိန်းကတော့ ခရိုင်းမီးယားတံတား ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။