ရုရှားဆီ စစ်လက်နက်တွေ ကူညီနေကြောင်း စွပ်စွဲမှုတွေကို အီရန် ထပ်ငြင်း 

ရုရှားဆီ စစ်လက်နက်တွေ ပေးပို့ ကူညီနေကြောင်း သတင်းတွေကို အီရန် အစိုးရက ထပ်ပြီး ငြင်းဆိုသွားခဲ့ပါတယ်။ 

ယူကရိန်း စစ်ပွဲမှာ ရုရှားတပ်တွေ အသုံးပြုနိုင်အောင် ဘယ်လို စစ်လက်နက်မှ မပေးပို့ခဲ့သလို အနာဂတ်မှာလည်း ပေးပို့သွားမယ့် အစီအစဉ် မရှိကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး အေမာ အက်ဘ်ဒိုလာဟီရန်က ပြောပါတယ်။

ဖင်လန် နိုင်ငံခြားရေး ဝန်ကြီး ပက်ကာ ဟာဗစ္စတိုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေအပြီး သတင်းထုတ်ပြန်ချက်မှာလည်း အက်ဘ်ဒိုလာဟီရန်ရဲ့ မှတ်ချက် စကားကို ထည့်သွင်း ဖော်ပြထားပါတယ်။ 

တစ်ဖက်မှာတော့ အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေက အီရန်ဟာ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့နေကြောင်း အစဉ်တစိုက် စွပ်စွဲခဲ့ပါတယ်။ အထူးသဖြင့် အီရန်ရဲ့ စျေးပေါပေမယ့် ထိရောက်တဲ့ ဒရုန်းလက်နက်တွေကို ရုရှားက ဝယ်ယူပြီး စစ်မြေပြင်မှာ သုံးစွဲနေတယ်လို့ ယူကရိန်းက အခိုင်အမာ ပြောပါတယ်။ 

အိုဒက်ဆာမြို့ တဝိုက်မှာ အီရန်ဒရုန်းတွေကို ပစ်ချခဲ့ပြီးတဲ့နောက် ယူကရိန်း အစိုးရက ရုရှားကို ကူညီပေးနေတဲ့ အီရန်ကို သံတမန် ဆက်ဆံရေး အဆင့်လျှော့ချပြီး တုံ့ပြန်ခဲ့ပါတယ်။ ယူကရိန်းက ရုရှားတပ်တွေ အသုံးပြုခဲ့တဲ့ အီရန် ဒရုန်း အစိတ်အပိုင်းတွေကို ပြသပေမယ့် အီရန်ကတော့ ရုရှားကို လက်နက် မထောက်ပံ့ဘူးလို့ တွင်တွင် ငြင်းဆန်နေဆဲပါ။ 

အခု သီတင်းပတ်ထဲမှာတော့ ရုရှားဟာ ရှေ့တန်း စစ်မြေပြင်ကို ကျော်ပြီး အီရန် ဒရုန်းတွေကို ယူကရိန်း နိုင်ငံ အတွင်းပိုင်းမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တာကြောင့် ကိယက်ဗ် မြို့တော်နားမှာ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ယူကရိန်း အစိုးရက ထုတ်ပြန်သွားပါတယ်။