ကြံခင်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ၊ ပန်းရံစုကျေးရွာမှာရှိတဲ့ တလိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“လက်ပစ်ဗုံးက ရုံးခန်းထဲအထိ မရောက်လို့ တော်သေးတယ် အသံက အတော်ကျယ်တယ် လူတွေ တော့ မထိသွားဘူး” လို့ ဆိုပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းက မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးပေါ်ကနေ ကျေးရွာအုပ် ချုပ်ရေးမှူးရုံးကို ပစ်ပေါက်သွားတာလို့ ပြောပါတယ်။
ရုံးအပြင်ဘက်မှာပေါက်ကွဲတာ ဖြစ်လို့ လူထိခိုက်မှု မရှိပေမယ့် ရုံးနံရံတွေ ပျက်စီးသွားပြီး ကျေးအုပ်ချုပ်ရေးအဖွဲ့တချို့ နုတ်ထွက်မယ်လို့ သတင်းထွက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ရွာမှာ အေးချမ်းသာယာဖို့ မဖြစ်သင့်တာ မဖြစ်ရအောင် နီးရာဓားကြောက်လို့ မလွှဲသာလို့ ဝင်လုပ်နေတာ ၊တပ်ကရွာမှာ ရိက္ခာသာ တောင်းနေတာ ရွာကောင်းကျိုး တော့လုပ်ပေးတာ မရှိဘူး” လို့ အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ လက်ပစ်ဗုံးနဲ့ ပစ်ခံရပြီးနောက် မြို့ပေါ်နဲ့ ကျေးရွာဘက်မှာပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တွေက စစ်ကြောင်းထိုးတာ ၊ မြို့ဝင်ထွက်လမ်းတွေကို ပိတ်ဆို့စစ်ဆေး တာတွေ လုပ်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။