လူပုဂ္ဂိုလ်တစ်ဦးနဲ့ အဖွဲ့အစည်းနှစ်ခုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

အခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဘီလားရုစ် နိုင်ငံက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးနဲ့ အရှေ့ ဥရောပက လူ့အခွင့်အရေး အဖွဲ့အစည်း နှစ်ခုက ရရှိသွားပါတယ်။

 နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီက အသက် ၆၀ အရွယ် ဘီလားရုစ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဲလက်စ် ဘီယာလီယတ်စကီကို ဆုချီးမြှင့်ကြောင်း ကြေညာပြီး ရုရှားက Memorial အသင်းနဲ့ ယူကရိန်းက Center for Civil Libertiesတို့ကလည်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ပူးတွဲ ဆွတ်ခူးသွားခဲ့ပါတယ်။ 

ဘီယာလီယတ်စကီဟာ ဘဝတလျှောက်လုံး လူ့အခွင့်အရေး ကဏ္ဍအတွက် အစွမ်းကုန် မြှုပ်နှံထားခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ Viansa လူ့အခွင့်အရေး အဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့တာတွေကြောင့် လူအများ လေးစားခြင်းကို ခံရသူ တစ်ဦးပါ။ ၂၀၂၀ ပြည့်နှစ်တုန်းက မူကွဲ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုလို့ ညွှန်းဆိုခံရတဲ့ Right Livelihood ဆုကို ရရှိခဲ့ဖူးပြီး အခုတော့ တကယ့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖြစ်လာပါပြီ။ 

Memorialကတော့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲစဉ် ကာလက ရုရှားနိုင်ငံမှာ စတင်ထူထောင်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုပါ။ ရုရှားကို ဗဟိုပြုပေမယ့် တခြားနိုင်ငံတွေမှာလည်း အဖွဲ့ခွဲတွေ ထားရှိပြီး လူ့အခွင့်အရေး ကဏ္ဍကို ကာကွယ်စောင့်ရှောက်ဖို့ အဓိက လှုပ်ရှားနေတဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ ကလေးငယ်တွေ ပညာသင်ကြားခွင့် ရရှိရေးနဲ့ နိုင်ငံရေးအရ ဖိနှိပ်ခံရသူတွေကို ကူညီရပ်တည်ရေး ကိစ္စတွေမှာလည်း ပါဝင် ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အကုန်မှာတော့ ရုရှားအခြေစိုက် Memorial အဖွဲ့အစည်းကို ပိတ်ပစ်ဖို့ ရုရှား တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။ Memorialဟာ ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားအေးဂျင့်များဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ တရားရုံးချုပ်က စွပ်စွဲပြီး အရေးယူခဲ့တာပါ။ 

ယူကရိန်းရဲ့ Center for Civil Libertiesကလည်း လူ့အခွင့်အရေးအတွက် ကြိုးစား ဆောင်ရွက်နေတဲ့အပြင် အာဏာ အလွဲသုံးစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေအကြောင်း စနစ်တကျ မှတ်တမ်းတင်ခဲ့တဲ့ အားထုတ်မှုတွေအတွက် ဒီဆုနဲ့ ထိုက်တန်ကြောင်း နော်ဝေးရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဘီရစ်ရီးစ် အန်ဒါဆန်က ချီးကျူးသွားခဲ့ပါတယ်။ 

အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် လူပုဂ္ဂိုလ် ၂၅၁ ဦးနဲ့ အဖွဲ့အစည်း ၉၂ ခုရဲ့ နာမည်စာရင်းတွေ အဆိုပြု တင်သွင်းခဲ့ပြီး ရေပန်းစားခဲ့တဲ့ နာမည်တွေထဲမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး၊ ရုရှား အတိုက်အခံခေါင်းဆောင် အလက်စီ နက်ဗယ်လ်နီ၊ NATO မဟာမိတ်အဖွဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဂရက်တာ သွန်းဘက်ဂ်၊ Black Lives Matter လှုပ်ရှားမှုတွေလည်း ပါဝင်ကြောင်း သိရပါတယ်။