စစ်မတိုက်ချင်လို့ အမေရိကန်ပိုင်နက်ထိ လှေစီးပြီး ထွက်ပြေးလာတဲ့ ရုရှားနှစ်ယောက် 

ရုရှားနိုင်ငံသား နှစ်ဦးဟာ စစ်မှု မထမ်းချင်တာကြောင့် လှေငယ်တစ်စီးနဲ့ ရွက်လွှင့်ပြီး အမေရိကန် ပိုင်နက်ရောက်အောင် ထွက်ပြေးလာကြကြောင်း သိရပါတယ်။ 

အလက်စကာပြည်နယ် အာဏာပိုင်တွေက စိန့်လောရင့်ကျွန်းကို လှေလေးတစ်စီးနဲ့ ဆိုက်ရောက်လာတဲ့ ရုရှားနှစ်ယောက်ကို လတ်တလော ထိန်းသိမ်းထားကြောင်း ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ ရုရှားဖက်ကနေ လှေနဲ့ ထွက်ခွာလာပြီး စိန့်လောရင့် ကျွန်းပေါ်က ဂမ်ဘဲလ်ဆိုတဲ့ ရွာလေးဆီ ရောက်လာကြတာပါ။ 

အလက်စကာကို ဆိုက်ရောက်လာသူ နှစ်ယောက်က သူတို့ဟာ စစ်ထဲဆွဲသွင်းပြီး ယူကရိန်း ရှေ့တန်းစစ်မြေပြင်ဆီ စေလွှတ်ခံရမှာ စိုးရိမ်လို့ ထွက်ပြေးလာပြီး အမေရိကန်မှာ ခိုလှုံခွင့် ပြုစေလိုကြောင်း အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။ လောလောဆယ် နှစ်ယောက်စလုံးကို ယာယီ ထိန်းသိမ်းထားပြီး သူတို့ရဲ့ တောင်းဆိုမှုအတွက် ပြန်လည် သုံးသပ် စဉ်းစားနေတယ်လို့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ 

စိန့်လောရင့်ကျွန်းဟာ အလက်စကာ ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ရုရှားနဲ့ပိုပြီး နီးနီးကပ်ကပ် တည်ရှိပါတယ်။ ဂမ်ဘဲလ်က လူ ၅၀၀ တောင် မပြည့်တဲ့ ရွာလေးတစ်ခုဖြစ်ပြီး ကျွန်းရဲ့ အနောက်မြောက်ပိုင်းမှာ ရှိနေတာကြောင့် ရုရှားရဲ့ ဆိုက်ဘေးရီးယား ကမ်းရိုးတန်းကိုတောင် လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။ စိန်လောရင့်ကျွန်းနဲ့ ရုရှားရဲ့ ချွတ်ချီ ကျွန်းဆွယ်တို့ဟာ ၃၆ မိုင်လောက်ပဲ ဝေးပါတယ်။ 

ဒါပေမဲ့ အလက်စကာကို ရောက်လာတဲ့ ရုရှားနှစ်ယောက်ကတော့ ရုရှား အရှေ့မြောက်ပိုင်း၊ အက်ဗက်ကီနော့ မြို့ကနေ လှေနဲ့ စတင်ထွက်ခွာလာတာ ဖြစ်တဲ့အတွက် ပင်လယ်ပြင်မှာ မိုင် ၃၀၀ နီးပါး ခရီးနှင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက သူတို့နှစ်ယောက်ကို ထိန်းသိမ်းပြီးတဲ့နောက် နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အလက်စကာရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အန်ခါရေ့ဂျ်ဆီ ပို့ဆောင်ထားပါတယ်။ 

အလက်စကာ ပြည်နယ် အထက်လွှတ်တော်အမတ် ဒန်ဆူလီဗန်က ဒေသခံတွေဟာ ရုရှားနှစ်ယောက် ရောက်လာတဲ့အကြောင်း သူ့ဆီ စတင် ဆက်သွယ်ခဲ့တာလို့ ပြောပါတယ်။ အခုအခါ ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး နောက်ထပ် ရုရှားနိုင်ငံသားတွေ ထပ်ရောက်လာရင် ဘယ်လိုစီမံမလဲ ဆိုတာကို ကြိုတင် တွေးတော ပြင်ဆင်ထားဖို့ အစိုးရကို တိုက်တွန်းထားကြောင်းလည်း သူက ဆိုပါတယ်။ အခုဖြစ်ရပ်ကိုကြည့်ရင် သမ္မတ ဗလာဒီမာပူတင် တစ်ယောက်တည်းရဲ့ သဘောဆန္ဒနဲ့ ဆင်နွှဲခဲ့တဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲကို ရုရှားနိုင်ငံသားတွေက မပါဝင်ချင်ဘူးဆိုတာ မြင်သာနေကြောင်းလည်း ဆူလီဗန်က မှတ်ချက်ပေးခဲ့ပါတယ်။ 

ရုရှားမှာ ပူတင်က အရန်တပ်ဖွဲ့ဝင်တွေ စုဆောင်းပြီး ရှေ့တန်းကို စေလွှတ်မယ်လို့ အမိန့်ထုတ်ခဲ့တဲ့နောက် အနည်းဆုံး အရွယ်ကောင်း အမျိုးသား ၇ သိန်းလောက်ဟာ ပြည်တွင်းကနေ ရရာနည်းလမ်းတွေနဲ့ တိမ်းရှောင် ထွက်ခွာသွားကြပါတယ်။ စစ်မြေပြင်မှာလည်း ရုရှားတပ်တွေဟာ ရှုံးပွဲတွေ ကြုံနေပြီး စိတ်ဓာတ်ရေးရာ ထိခိုက်ပျက်ပြားနေကြောင်း သိရပါတယ်။