ထိုင်းရဲဝန်ထမ်းဟောင်းတစ်ဦး မူကြိုကျောင်းထဲ ဝင်ပစ်လို့ ကလေးအများစု အပါအဝင် သုံးဆယ်ကျော်သေ 

Photo – Twitter

 

ထိုင်းနိုင်ငံမှာ ရဲဝန်ထမ်းဟောင်း တစ်ဦးက နေ့ကလေးထိန်း မူကြို ကျောင်းတစ်ကျောင်းထဲ ဝင်ရောက် ပစ်ခတ်မှုကြောင့် ကလေးငယ် အများစု အပါအဝင် လူ ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

အောက်တိုဘာ ၆ ရက်က ပြောင်းတို သေနတ် တစ်လက်နဲ့ ဓားတစ်ချောင်း ကိုင်လာတဲ့ အမျိုးသားဟာ နွန်ဘူရာလမ်ဖူ ခရိုင်က မူကြိုကျောင်းထဲ ဝင်လာပြီး ကလေးတွေရော၊ လူကြီးတွေကိုပါ တွေ့ရာမြင်ရာ ပစ်ခတ်ခဲ့ပါတယ်။ ပြီးတော့ သူဟာ ပစ်ကပ်တစ်စီးကို မောင်းပြီး ထွက်ပြေးသွားပါတယ်။

အခင်းဖြစ်ရာ နေရာမှာ ကလေး ၂၃ ဦးထက် မနည်းရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ရဲ့ ရဲမှူး ဂျက်ကာပက် ဗစ်ဂျီထရိုင်သေယာက ပြောပါတယ်။ သေနတ်သမားဟာ ကလေးတွေ အိပ်ပျော်နေလို့ သော့ခတ်ထားတဲ့ အခန်းထဲ အတင်းဝင်ရောက်ခဲ့တာပါ။

ဒီလို ရက်စက်တဲ့ တိုက်ခိုက်မှု အပြီးမှာ သူဟာ အိမ်ကို ပြန်သွားပြီး ဇနီးနဲ့ ကလေးကို သတ်ပစ်ခဲ့သလို ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်သွားခဲ့ပါတယ်။ ရဲတွေက အခုပြစ်မှု ကျူးလွန်သူဟာ ရဲဝန်ထမ်းဟောင်း အသက် ၃၄ နှစ်အရွယ် ပန်ညာ ခမ်ရက်ဘ်ဆိုသူ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် မနှစ်တုန်းက ရဲတပ်ဖွဲ့ကနေ ထုတ်ပယ် ခံခဲ့ရပြီးပြီလို့ ရဲမှူး ဂျက်ကာပက်က ပြောပါတယ်။

မွန်းလွဲပိုင်းလောက်က ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေဆီ နေ့ကလေးထိန်းကျောင်း တိုက်ခိုက်ခံရမှု သတင်း ရောက်လာခဲ့ပါတယ်။ ပြီးတော့ သံသယ တရားခံဟာ အဖြူရောင် ပစ်ကပ်ကားနဲ့ ထွက်ပြေး လွတ်မြောက်သွားကြောင်း ရဲတွေဆီ သတင်းရောက်လာတယ်။

အခင်းဖြစ်ချိန်က မူကြိုကျောင်းထဲမှာ ကလေးငယ် ၃၀ ဝန်းကျင် ရှိနေကြောင်း သိရပါတယ်။ အဲဒီ အမျိုးသားဟာ ၈ လသား ကိုယ်ဝန်ဆောင်ထားတဲ့ ဆရာမ တစ်ဦးအပါအဝင် ဝန်ထမ်း လေးငါးယောက်ကို ပစ်သတ်ခဲ့ပါတယ်။ အစောပိုင်းမှာ ပတ်ဝန်းကျင် သေနတ်သံလို့ မထင်ဘဲ ဗြောက်အိုး ဖောက်နေတာလို့ အမှတ်မှားခဲ့ကြပါတယ်။ ပန်ညာဟာ ကလေးတွေကို သေနတ်နဲ့ ပစ်တဲ့အပြင် ဓားနဲ့ပါ ထိုးခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ကားမောင်းပြီး ထွက်ပြေးသွားချိန်မှာ ဆိုင်ကယ် တစ်စီးကိုလည်း ဝင်တိုက်ခဲ့တာကြောင့် လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ မှုခင်းဖြစ်တဲ့ ကျောင်းမှာတော့ ဘယ်နေရာကြည့်ကြည့် သွေးတွေ အိုင်ထွန်းနေပြီး မြင်ရက်စရာတောင် မရှိဘူးလို့ ရဲမှူး ဂျက်ကာပက်က ဆိုပါတယ်။

တရားခံဟာ မနက်ပိုင်းက တရားရုံးမှာ မူးယစ်ဆေးမှု တစ်ခုအတွက် ကြားနာစစ်ဆေး ခံခဲ့ရပြီး အဲဒီနောက်မှာ သူ့ကလေး တက်နေတဲ့ မူကြိုကျောင်းကို သွားခဲ့ပါတယ်။ ဒါပေမဲ့ ကလေးက ကျောင်းမှာ ရှိမနေခဲ့ပါဘူး။ စိတ်ပုံမှန် အနေအထား ရှိဟန်မတူတဲ့ ပန်ညာက သူ့ကလေးကို ရှာမတွေ့တဲ့ အခါမှာ ပိုပြီး စိတ်ဖိစီးလာရာကနေ သေနတ်နဲ့ စပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ပိုင်ဆန် လူဆွန်ဘွန်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လက်နက် ကိုင်ဆောင်ခွင့် ဥပဒေတွေက တင်းကျပ်ပြီး တရားမဝင် သေနတ်ကိုင်သူဟာ ထောင် ၁၀ နှစ်ထိ ကျခံရနိုင်ပါတယ်။ ထိုင်းမှာ ပစ်ခတ်မှုကြောင့် အစုလိုက် သေကြေတဲ့ မှုခင်းမျိုးက ရှားပါးပေမယ့် ၂၀၂၀ ပြည့်နှစ်တုန်းကတော့ ဒေါသပေါက်ကွဲနေတဲ့ စစ်သားတစ်ယောက်ရဲ့ ရမ်းကား ပစ်ခတ်မှုကြောင့် လူ ၂၉ ဦးသေပြီး ၅၇ ဦးဒဏ်ရာရတဲ့ ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။

Ref: Bangkok Post