မအူပင် ခလရ (၂၇) က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ သစ်မှောင်ခိုတွေနဲ့ ပေါင်းပြီး ငွေရှာနေ

Photo – CJ

ဧရာဝတီတိုင်း၊ မအူပင်မြို့က ခလရ ၂၇ ရဲ့ စစ်ဦးစီးပထမတန်းအရာရှိ (G1) ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်ဟာ သစ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး တရားမဝင် သစ်ခိုးထုတ်နေတယ်လို့ သိရပါတယ်။

“သစ်တွေက ကန့်သတ်သစ်တွေ ။ အထက်ပန်းတွေပါ ။ မျှောစာတွေက G1 နာမည်တွေနဲ့ချည်းပဲ ဆိုတော့ မဖမ်းရဲဘူး။ ဖမ်းတဲ့ကောင် ကင်းစခန်း ပြသနာတက်တာပဲ ။ လွှတ်လွှတ် ပေးနေရတယ်” လို့ ဖျာပုံ မြစ်ကြောင်း ကင်းစခန်းတွေနဲ့ နီးစပ်သူက တဦးက DNA ကိုပြောပါတယ်။

ကျွန်းသစ် ၊ တမလန်း ၊ ပိတောက် စတဲ့ ကန့်သတ်သစ် (အထက်ပန်း)လေးထောင့် စကွဲရားတုံးတွေကို လေလန်အောင်တဲ့ ပုံစံမျိုးလုပ်ပြီး ဒုတိယ ဗိုလ်မှုးကြီးနိုင်လွင် နဲ့ မအူပင်မြို့က သစ်ကုန်သည်တွေပေါင်းပြီး ဖျာပုံမြစ် ပင်လယ်ဝက တဆင့် ခိုးထုတ်နေတယ်လို့ DNA ရဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေက အချက်အလက် ပေးပို့ပါတယ်။

ဒါ့အပြင် ဒုဗိုလ်မှူးကြီး နိုင်လွင် ဟာ နှစ်လုံး၊ သုံးလုံးနဲ့ ဘောပွဲလောင်းတဲ့ ဒိုင်တွေ ၊ ကြက်ဝိုင်း ၊ ဂျင်ဝိုင်း စတဲ့ လောင်းကစားဝိုင်း တွေကို ဖွင့်ခွင့်ပေးပြီး လစဉ်ကြေး နဲ့ ခွင့်ပြုကြေးတွေကို သူတဦးတည်းက လက်ဝါးကြီး အုပ်ယူနေလို့ အရာရှိငယ်တွေက မကျေနပ်ကြဘူးလို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

“ငွေအတောင်းကြမ်း အတော်ပက်စက်တဲ့သူပါ ။ ဒေသခံ မြို့မျက်နှာဖုံး အချို့ကို နိုင်ငံရေး ပုဒ်မ အမျိုးမျိုး တပ်ဖမ်းဆီးခဲ့ပြီး ငွေညှစ် တောင်းယူတာတွေ ရှိတယ်”လို့ လည်း ပြောပါတယ်။

စစ်ကာင်စီရဲ့ G1 ကိုယ်တိုင်က လိုင်းကြေးယူ ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေ နေ့စဥ် ရှိလာတာနဲ့ အမျှ ခိုးမှု လုယက်မှု ဓားမြမှု စတဲ့ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ၊ တောင်ယာလယ်လုပ်သူတွေလည်း လောင်းကစားဝိုင်းမှာ အချိန်ကုန်နေကြတယ်လို့ ဒေသခံတဦးက သုံးသပ်ပါတယ်။

ဒုစရိုက်မှုက ရလာသမျှငွေကို ဒုတိယဗိုလ်မှူးကြီး နိုင်လွင် တဦးတည်းက လက်ဝါးကြီးအုပ် ယူနေတာကြောင့် မအူပင်မြို့အခြေစိုက် တပ်ရင်းကအရာရှိတွေနဲ့ မအူပင်မှာ ပူးတွဲတာဝန်ကျတဲ့ ဖျာပုံမြို့ အခြေစိုက် တပ်ရင်းက အရာရှိတွေနဲ့ရော ဆက်ဆံရေး အဆင်မပြေကြဘူးလို့ သိရပါတယ်။

“အထက်က တမျိုး အောက်တမျိုး လုပ်စားနေကြတာ ။ ဇာတ်တူသားလည်းစားကြတယ် ဆိုတော့ တပ်ပျက်နေတယ်ဆိုတာ အဲ့ဒါပဲ”လို့ CDM ရဲဝန်ထမ်း တဦးက ဆိုပါတယ်။

အောက်ခြေကင်းစခန်း စစ်ဆေးရေးဂိတ် တာဝန်ကျ အရာရှိငယ်တွေနဲ့ အခြားအဆင့်တွေကတော့ ရိက္ခာတောင် ပါမလာတဲ့ အတွက် သာမန်ပြည်သူတွေကို အပြစ်မရှိ အပြစ်ရှာဖမ်းပြီး ငွေရှာနေကြတယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။