ပခုက္ကူ မှာ စစ်ကောင်စီတပ်ကို တာဝေးပစ် ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ပခုက္ကူမြို့ အနောက်ဘုန်းကံမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တာဝေးပစ်ဒုံးတွေနဲ့ အောက်တို ဘာ (၄) ရက် ညနေပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

“လက်နက်တွေ ပစ္စည်းတွေက စခန်းမှာတင်စမ်းလို့ရတယ်။ ဒါပေမဲ့ ကုန်ကျမှုလဲ အလကားမဖြစ်အောင် လေ့ကျင့်သားလဲရအောင် ပျူရွာတွေ စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ် လေ့ကျင့်စစ်ဆင်ရေးဆောင် ရွက်တာပါ” လို့ တာဝန်ခံကပြောပါတယ်။

တိုက်ခိုက်မူကို မဟာမိတ်ပူးတွဲလေ့ကျင့်စစ်ဆင်ရေးနဲ့နည်းပညာမျှဝေခြင်းအတွက် ဦးစားပေးဆောင် ရွက်ခဲ့တာဖြစ်တယ်လို့ Young Force က ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ ဘက်မှာကျ Rocket သိပ်မသုံးဘူးပေါ့၊အားသာချက်ကတော့ တာဝေးပစ်နိုင်တာပေါ့ အဲ့အတွက် နည်းပညာလေး သင်ယူတာပါ” ပါလို့ တာဝန်ခံကပြောပါတယ်။

စစ်ရေးလေ့ကျင့်ပစ်ခတ်တိုက်ရာမှာ စစ်ကောင်စီဘက်က ၆၀ မမလက်နက်ကြီး (၅)လုံးထက်မနည်းပြန်လည်ပစ်ခတ်ခဲ့ပြီးနှစ်လုံးသာ ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီလိုပြန်လည်ပစ်ခတ်တာရှိပေမယ့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမူကို စုံစမ်းနေဆဲဖြစ်ပြီး လက်ရဇိအချိန်အထိ မသိရသေးဘူးလို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ပူးတွဲစစ်ဆင်ရေးတွေနဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်တင်သွားမှာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ စစ်ရေးပစ်မှတ်အနီးအနားတွေမှာ နေထိုင်သွားလာတာမလုပ်ဖို့ ထုတ်ပြန်ချက်မှာ သတိပေးဖော်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်ပစ်ခတ်မူကို Myaing Villages Revolution Front ၊ RSO (PKU) ၊ Pakokku Ranger ၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။