အီကွေဒေါ ထောင်တွင်းရန်ပွဲကြောင့် တစ်ဆယ့်ငါးဦးထက်မနည်းသေ

Photo – Reuters

အီကွေဒေါ နိုင်ငံက အကျဉ်းထောင် တစ်ခုမှာ ထောင်ကျနေတဲ့ ဒုစရိုက်ဂိုဏ်းသားတွေ ရန်ပွဲဖြစ်ရာက လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

လက်တာကွန်ဂါမှာရှိတဲ့ အကျဉ်းထောင်ထဲက ရန်ပွဲမှာ အကျဉ်းသားတွေက သေနတ်တွေ၊ ဓားတွေပါ သုံးခဲ့ကြတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း အီကွေဒေါ အကျဉ်းဦးစီး ဌာနက ​ကြေညာပါတယ်။ မြို့တော် ကွီတိုရဲ့ တောင်ဖက် မိုင် ၅၀ လောက် အကွာက လာတာကွန်ဂါမှာ တည်ရှိတဲ့ ထောင်ဟာ အီကွေဒေါရဲ့ အကြီးဆုံး ထောင်လည်း ဖြစ်ပါတယ်။ 

အီကွေဒေါက အကျဉ်းထောင်တွေမှာ ပြိုင်ဘက် မူးယစ်မှောင်ခို ဂိုဏ်းသားတွေကို ထိန်းသိမ်းထားရာက အခုလိုပဲ ဆိုးရွားတဲ့ ထောင်တွင်းရန်ပွဲတွေ မကြာခဏ ကြုံလေ့ ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အချင်းချင်းသတ်လို့ သေကုန်တဲ့ အကျဉ်းသား ၄၀၀ ကျော် ရှိသွားပြီလို့ ထောင်အာဏာပိုင် အဖွဲ့အစည်းတွေက အတည်ပြုပါတယ်။ 

လက်တာကွန်ဂါက အခင်းဖြစ်ပွားရာ ကိုတိုပက်ဆီ ထောင်ကြီးထဲမှာတော့ ပြည်တွင်း မူးယစ်ရာဇာ တစ်ဦးလို့ နာမည်ကျော်တဲ့ လီယန်ဒရို နိုရီရာကို ထိန်းသိမ်းထားပါတယ်။ သူ့ကို မေလမှာ ဖမ်းဆီးရမိတဲ့နောက် ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်ထားပါတယ်။ 

ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခုက အီကွေဒေါမှာ ထောင်တွင်း အကြမ်းဖက်မှုတွေကို ချိုးနှိမ်တားဆီးတဲ့ လုပ်ဆောင်မှု စံနှုန်းတွေနဲ့ ပတ်သက်ပြီး စိစစ်ဖို့ လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မရှေးမနှောင်းမှာပဲ အခုလို ထောင်တွင်း လူသတ်ပွဲတွေ ပေါ်ပေါက်လာတာပါ။ 

စက်တင်ဘာ ၄ ရက် ညပိုင်းကတော့ သတင်းကြားလို့ ထောင်တဝိုက်မှာ လာရောက်စုရုံးနေတဲ့ အကျဉ်းသား မိသားစုဝင်တွေကို တွေ့ရပါတယ်။ အားလုံးက သေဆုံးသူတွေထဲမှာ ကိုယ်ချစ်ခင်တဲ့သူ ပါမပါ ဆိုတာကို သတင်းလာနားစွင့်နေကြတာပါ။ 

ဧပြီလတုန်းက အီကွေဒေါ သမ္မတ ဂူလာမို လက်ဆိုဟာ နိုင်ငံအနှံ့က မူးယစ်မှောင်ခို ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ ဒုစရိုက်ဂိုဏ်းတွေကို တုံ့ပြန် ဖြိုခွင်းဖို့အတွက် တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ဖူးပါတယ်။ မနှစ်တုန်းကလည်း ပုံစံတူ အရေးပေါ် အခြေအနေ သတ်မှတ်ကာလ တစ်ခုကို အစိုးရက ထုတ်ပြန် ကြေညာခဲ့ရဖူးပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ အီကွေဒေါမှာ မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ ဆိုးယုတ်မှု၊ အကြမ်းဖက်မှုတွေက အရှိန်လျော့မသွားသေးပါဘူး။ 

ပြည်တွင်းက မူးယစ်မှောင်ခိုဂိုဏ်းတွေက နယ်မြေလု စစ်ပွဲတွေလည်း တိုက်ခိုက်တာကြောင့် ပြည်သူတွေ ကြားညပ် သေဆုံးရတဲ့ ဖြစ်စဉ်တွေလည်း အကြိမ်ကြိမ် ကြုံခဲ့ပြီးပါပြီ။ အီကွေဒေါမှာရှိတဲ့ အကျဉ်းထောင် အရေအတွက်နဲ့ ဝင်ဆံ့တဲ့ ဦးရေက မမျှမတ ဖြစ်နေတာကြောင့်လည်း ထောင်တွေရဲ့ လုံခြုံရေး အစီအမံတွေကို အကန့်အသတ် ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့နှစ်က သမိုင်းတလျှောက် အကြီးမားဆုံး ထောင်တွင်း ပဋိပက္ခတွေကို ဆိပ်ကမ်းမြို့ကြီး ဂိုင်ယာကွေးလ်က အကျဉ်းထောင် တစ်ခုမှာ ကြုံတွေ့ခဲ့ရပြီး အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် အကျဉ်းသား ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်။