မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီတို့က ဂိုးပြတ်နိုင်ပွဲတွေ ရခဲ့ကြပြီး နာမည်ကြီး ဘာစီလိုနာအသင်း ရှုံးပွဲတွေ့သွားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ လီဗာပူးလ်လည်း နိုင်ပွဲရခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် ၅ – ၀ ဗစ်တိုးရီးယား ပလာဇန်
ဘိုင်ယန်မြူးနစ်ဟာ အိမ်ကွင်းမှာ ပလာဇန်ကို သက်တောင့်သက်သာ အနိုင်ယူပြီး အုပ်စု(ဂ)မှာ ၃ ပွဲကစား၊ ၃ ပွဲနိုင် အနေအထားနဲ့ နောက်တစ်ဆင့်တက်ဖို့ အလားအလာ ကောင်းသွားပြီ ဖြစ်ပါတယ်။ ပွဲအစ ၆ မိနစ်မှာပဲ တောင်ပံတိုက်စစ်သမား ဆာနေးက မူဆလာလာ ချပေးတဲ့ ဘောလုံးကို တစ်ကိုယ်တော် ဆွဲပြေးရင်း ထောင့်ဖြတ်ကန်သွင်းပြီး ဦးဆောင်ဂိုး စတင်ရယူခဲ့ပါတယ်။ ၁၂ မိနစ်မှာ ဂိုရက်ဇ်ကာ ပေးပို့တဲ့ ဘောလုံးကို ဂျီနာဘရီက အပိုင်ကန်သွင်းပြီး ဒုတိယဂိုး ထပ်ရပြန်ပါတယ်။ ၂၁ မိနစ်မှာ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ မာနေးက ဂိုးသမား ကာထားတဲ့ ထောင့်ကျဉ်းထဲ ကန်သွင်းပြီး ဘိုင်ယန်တို့ ပထမပိုင်းမှာ ၃ ဂိုးပြတ် ဦးဆောင်လာပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ် အကြာမှာ မာနေး သပ်သပ်ရပ်ရပ် ခုပ်တင်ပေးလိုက်တဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကနေ ဖောက်ထွက်သွားတဲ့ ဆာနေးက ကန်သွင်းပြီး ဘိုင်ယန်အတွက် စတုတ္ထဂိုး ရရှိခဲ့ပြန်ပါတယ်။ ဘိုင်ယန်အတွက် အပိတ်ဂိုးကိုတော့ လူစားဝင် တိုက်စစ်မှူး ချူပိုမိုတင်က ကွင်းလယ်လူ ဂိုရက်ဇ်ကာရဲ့ ပေးပို့မှုကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန် ၁ – ၀ ဘာစီလိုနာ
လောလောလတ်လတ် စပိန်လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်ရောက်လာတဲ့ ဘာစီလိုနာ အသင်းဟာ အီတလီမြေမှာတော့ အိမ်ရှင်တွေကို အရေးနိမ့်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ အင်တာတို့လို ခက်ခဲတဲ့ ပြိုင်ဘက်တွေ ပါဝင်နေတဲ့ အုပ်စုကျပ်မှာ ဘာစီလိုနာဟာ ၃ ပွဲကစားပြီး ၂ ပွဲ ရှုံးထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အကြီးအကျယ် ရုန်းကန်ရတော့မှာပါ။ ဒီပွဲအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပထမပိုင်း ပြီးခါနီး နောက်ဆုံးမိနစ်တွေမှာ အင်တာ ကွင်းလယ်လူ ကယ်လ်ဟာနိုဂလူက အဝေးကနေ တိကျတဲ့ မြေလှိမ့်ဘော ကန်ချက်နဲ့ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ၆၅ မိနစ်မှာ ဘာစီလိုနာအတွက် ပက်ဒရီက ချေပဂိုး သွင်းပေမယ့် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီးချိန်မှာ ဘာစီလိုနာ တိုက်စစ်မှူး ဖာတီ လက်ထိဘော ဖြစ်ခဲ့တယ်လို့ ဆုံးဖြတ်ပြီး ပယ်ဖျက်သွားခဲ့ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ ဘာစီလိုနာက ချေပဂိုးရဖို့ တင်ကစားခဲ့ပေမယ့် အင်တာ ခံစစ်ကြောင်းကို မကျော်လွှားနိုင်တော့ဘဲ အရှုံးနဲ့ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
လီဗာပူးလ် ၂ – ၀ ဂလက်စဂိုရိန်းဂျားစ်
စကော့တလန် နာမည်ကျော်ကလပ် ရိန်းဂျားစ်အတွက် အန်းဖီးလ်ကွင်းမှာ အိမ်ရှင် လီဗာပူးလ်ကို တုံ့ပြန်ဖို့ဆိုတာ အဖက်ဖက်က ခက်ခဲခဲ့ပါတယ်။ လီဗာပူးလ်အတွက် ဦးဆောင်ဂိုးကိုတော့ လတ်တလော ခြေစွမ်းကျဆင်းနေကြောင်း ဝေဖန်မှုတွေ ခံနေရတဲ့ ညာတောင်ပံ ခံစစ်မှူး အလက်ဇန္ဒား အာနိုးလ်က ပွဲချိန် ၆ မိနစ်မှာ လှပတဲ့ ပြစ်ဒဏ်ဘော ကန်ချက်နဲ့ သွင်းယူပြသွားခဲ့ပါတယ်။ အဲဒီနောက်မှာလည်း လီဗာပူးလ်ကပဲ ပွဲကို အသာစီး အနေအထားနဲ့ စိုးမိုး ကစားသွားခဲ့ပြီး ၅၂ မိနစ်မှာတော့ လီဗာပူးလ် တောင်ပံတိုက်စစ်သမား ဒီယက်ဇ်ကို ဆဲလ်တစ် နောက်တန်းက အဖျက်ကြမ်းလို့ ပင်နယ်တီ ပေးရပါတယ်။ အဲဒီ ပင်နယ်တီကို လီဗာပူးလ် တိုက်စစ်မှူး ဆာလားက တည်တည်ငြိမ်ငြိမ် ကန်သွင်းပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရယူသွားခဲ့ပါတယ်။
အိုင်းယက်စ် အမ်စတာဒမ် ၁ – ၆ နာပိုလီ
လက်ရှိရာသီ အီတလီ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီဟာ အိမ်ကျယ်သက်သက် မဟုတ်ကြောင်း နယ်သာလန်မြေမှာ အိမ်ရှင်အသင်းကို ဂိုးဒါဇင်ဝက်သွင်းပြီး သက်သေထူသွားပါတယ်။ နာမည်ကြီး အိုင်းယက်စ်ဟာ ဒီပွဲမှာ နာပိုလီကို ဘက်ပေါင်းစုံက မယှဉ်နိုင်ဘဲ ထိုက်ထိုက်တန်တန် အရေးနိမ့်သွားခဲ့တာပါ။ ဒါပေမဲ့ ပွဲရဲ့ ဦးဆောင်ဂိုးကိုတော့ ဒီရာသီ အိုင်းယက်စ်အတွက် တိုက်စစ်မှာ နေရာပြောင်းကစားပြီး ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ကူဒူးစ်က ၈ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ တကယ်တော့ ဒီဂိုးဟာ ကူဒူးစ်သွင်းယူတယ် ဆိုတာထက် တေလာရဲ့ ကန်ချက်က သူ့ကိုထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာပါ။ အိုင်းယက်စ်ရဲ့ အပျော်ဟာ ၁၀ မိနစ်ပြည့်အောင် မခံခဲ့ဘဲ ၁၇ မိနစ်မှာ ဘယ်ခြမ်းက အိုလီဗာရာ ခုပ်တင်ပေးတာကို ရက်စ်ပါဒိုရီက လှလှပပ ခေါင်းတိုက် အဆုံးသတ်ပြီး နာပိုလီတို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ၃၂ မိနစ်မှာ ညာဖက်က ကာဗရာရှက်ခ်လီရာ ကန်တင်ပေးတဲ့ ဘောလုံးကို ဒီလိုရန်ဇိုက အပိုင်ခေါင်းတိုက်သွင်းပြီး နာပိုလီတို့ ပွဲကို တကျော့ပြန် ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ တန်ပြန်တိုက်စစ်ကနေ တစ်ကိုယ်တော် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးသွားတဲ့ ဇိုင်လင်စကီးက အမှားအယွင်းမရှိ ကန်သွင်းပြီး နာပိုလီအတွက် တတိယဂိုး ရခဲ့ပြန်ပါတယ်။ အဲဒီနောက် ဒုတိယပိုင်း ပြန်စစချင်းမှာပဲ အိုင်းယက်စ် ဂိုးသမား ပက်စ်ဗီယာ လူပေးမှားရာကနေ နာပိုလီတို့ အခွင့်အရေး ရသွားပြီး တိုက်စစ်မှူး ရက်စ်ပါဒိုရီက နောက်တစ်ဂိုး ထပ်သွင်းပြန်ပါတယ်။ ၆၂ မိနစ်မှာ ရက်စ်ပါဒိုရီနဲ့ တွဲလုံး အပေးအယူလုပ်ပြီး ဘယ်ခြမ်းကနေ ပြေးတက်လာတဲ့ ကာဗရာရှက်ခ်လီရာက ဂိုးထပ်သွင်းသွားပါတယ်။ ၇၂ မိနစ်မှာ အိုင်းယက်စ် ကွင်းလယ်လူ တာဒစ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ် ခံခဲ့ရပြီး နောက်ထပ် ၈ မိနစ် အကြာမှာ အန်ဒွမ်ဘီလီ ချပေးလိုက်တဲ့ ဘောလုံးကို ဆီမြွန်းက ဂိုးဧရိယာထဲကနေ အပြင်းကန်သွင်းခဲ့တာကြောင့် နာပိုလီတို့ ဂိုးပြတ်၊ ခြေပြတ် နိုင်ပွဲကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခြားပွဲစဉ် ရလဒ်များ
အိုလံပစ်မာဆေးလ် ၄ – ၁ စပို့တင်း လစ္စဘွန်း
ဘရုဂျ် ၂ – ၀ အက်သလက်တီကို မက်ဒရစ်
ပေါ်တို ၂ – ၀ လေဗာကူဆန်
ဖရန့်ဖတ်ခ် ၀ – ၀ တော့တင်ဟမ် ဟော့စပါး