တပတ်တာ နွေဦးပုံရိပ်လွှာ

စစ်စခန်းတွေနား တွေ့ရလေ့ရှိတဲ့ ဆက်သွယ်ရေးမြောင်းလို တူးမြောင်းကလေးထဲကကလေးတသိုက်..။ဖွင့်ထားတဲ့ စာအုပ်ကလေးတွေကိုကိုယ်စီကိုင်ထားလို့…။မြောင်းနှုတ်ခမ်းပေါ်မှာ စီစီရီရီ ရှိနေတဲ့ သက်တမ်းရင့် အရိပ်ရပင်ကြီး တွေကြောင့် သဘာဝရင်ခွင်ထဲမှာအေးအေးချမ်းချမ်း စာသင်နေကြတဲ့ ကလေးတွေလို့ ထင်ချင်စရာ..။

ဒါပေမယ့် လက်ရှိ မြန်မာမှာ ဘာဖြစ်နေသလဲဆိုတာ သိသူတွေအဖို့တော့ စိတ်အေးချမ်းစရာမြင်ကွင်းတခု ဘယ် ဟုတ်နိုင်ပါတော့မလဲ။ဒီမြင်ကွင်းဟာ စစ်အာဏာရှင်ခေတ်ဆိုးထဲက ရက်စက်မှုတွေ၊ မလုံခြုံမှုတွေ၊လူ့အခွင့်အ ရေးနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သွေးသံရဲရဲတွေမပါဘဲ ခြုံငုံဖော်ပြနေတဲ့မြင်ကွင်းတခု ပေါ့။

စစ်ဖိနပ်နဲ့ ဖိနှိပ်ဖို့ ခြိမ်းခြောက်သိမ်းသွင်းဖို့ ကြိုးစားခံနေရတဲ့ မျက်မှောက်ခေတ်မှာ လူထုအဖို့ နေ့ရက်တိုင်းဟာ နာကျင်ဝမ်းနည်းစရာ၊စိုးရိမ်ထိတ်လန့်စရာတွေအပြည့်နဲ့…။ဒီလိုကာလဟာ နှစ်နှစ်ပြည့်လုပြီ။

တနည်းအားဖြင့် နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်လုပြီပေါ့။တော်လှန်ရေး နှစ်နှစ်သာပြည့်တော့မယ် ဘာများထူး ခြားလာသလဲလို့ အမေးရှိရင် မြန်မာနောင်းက ဒီတပတ်ထဲ ရေးလာတဲ့ သတင်းလေးတပုဒ်ကို အရင်ဆုံးပြရမှာပဲ။

“နေပြည်တော်တွင် ဘန်ကာများအပြင် ကတုတ်ကျင်းများပါတူးထား” တဲ့…။ သတင်းခေါင်းစဉ်နဲ့တင် စစ်အုပ်စုရဲ့ အကြောက်တရားကိုလည်း ခံစားမိတယ်မဟုတ်လား။

နွေဦးနေ့ရက်တွေရဲ့ မွန်းကြပ်မှုတွေအကြောင်းတွေးမိရင်  အကြောက်တရားဟာ ငါတို့မှာပဲ ရှိတာမဟုတ်ဘူးလို့ လည်း ပြန်သတိရတွေးတောမိနိုင်ကြဖို့ပါ။စစ်အုပ်စုလိုလားသူတွေ၊စစ်အုပ်စုကိုယ်တိုင်နဲ့ စစ်ခေါင်းဆောင်အထိပါ အကြောက်တရားပြန်ပေးထားနိုင်တာဟာ ဒီကာလအတွင်း စွန့်လွှတ်ပေးဆပ်မှုတွေရဲ့ ရလဒ်ပါ။

စစ်ခေါင်းဆောင်တွေအနေနဲ့ “ငကြောက်တွေ”လို့ အပြောအဆိုခံပြီး ဒီလို ထိုးကြွေးခံ အောက်ခြေတပ်သား အ ဆင့်ဆင့်နဲ့ ကာရံမထားလို့လည်းမရဘူး။သူတို့အခြေပြုရာ နေပြည်တော်ဆီ ဝင်ပေါက်တခုဖြစ်တဲ့ မိုးဗြဲမြို့မှာတင် ကာကွယ်ရေးတပ်ပေါင်းစုကို အသေအကြေတိုက်ခိုက်နေရတာမဟုတ်လား။

မိုးဗြဲမြို့ပေါ်မှာအရပ်သားတွေကိုဓားစာခံလုပ်ပြီး  စစ်အုပ်စုက အုပ်စီးသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်သွားပေမယ့် အခုအချိန်အထိ တိုက်ပွဲတွေက အေးမသွားဘူး။စက်တင်ဘာဒုတိယပတ်ကစတင်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲမှာ တလ အ တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဆယ်ထက် မနည်းသေပြီး ထိခိုက်ဒဏ်ရာရသူလည်းများတယ်လို့ မိုးဗြဲ PDF ကဆို တယ်။

အင်အား ရှစ်ဆယ်ဆိုတာ စစ်တပ်ရဲ့ပုံမှန်ဖွဲ့စည်းပုံအရ ဗိုလ်မှူးဒါမှမဟုတ် ဗိုလ်ကြီးတဦး ဦးစီးတဲ့ အင်အား ကိုး ဆယ်ပါ တပ်ခွဲတခုစာ ပမာဏ နီးပါးဖြစ်ပါတယ်။နေပြည်တော်ရဲ့ အရှေ့ဘက်ဝင်ပေါက် မြို့ငယ်လေးမှာ တလ အတွင်း တိုက်ပွဲဖြစ်တဲ့ရက် နှစ်ဆယ်ဝန်းကျင်ရှိတာမှာ စစ်တပ်က တပ်ခွဲတခုနီးပါး သေသတဲ့..။

 

မြို့ပေါ်က ဘာသာရေးအဆောက်အအုံပါမချန်၊လူနေရပ်ကွက်တွေထဲ လက်နက်ကြီးတွေပစ် လေကြောင်း အကူ ပေးနဲ့ တိုက်ခိုက်ခဲ့တာကိုကြည့်ရင်လည်းစစ်တပ်က ဒီလို အထိနာခဲ့တယ်ဆိုတာ မယုံစရာမရှိဘူး။အထိနာပြီ ဆို တာနဲ့ “ထိချင်ရာထိ”လုပ်တော့တာ မင်းအောင်လှိုင် စစ်တပ်ရဲ့ ထုံးစံပဲလေ။

လိုချင်တဲ့ ပန်းတိုင်မရောက်သေးဘူးဆိုပေမယ့် နွေဦးဟာ ခရီးမတွင်ဘူးလို့တော့ မဆိုနိုင်စရာ အကြောင်းတရား တွေပေါ့။မြို့ပြမှာ ပြောက်ကျားတပ်ဖွဲ့တွေကို စစ်တပ်က ဆက်တိုက် ဖိဖိစီးစီး နှိမ်နှင်းနေတဲ့တချိန်တည်းမှာပဲ စစ်အုပ်စုရဲ့ထောက်တိုင်တွေဟာလည်း တဖြုတ်ဖြုတ်ပြိုလဲနေတုန်းပဲ။

ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် ဆိုတဲ့ နဝတ ခေတ် သံအမတ်ကြီးဟောင်း၊ ဒုချုပ် စိုးဝင်းရဲ့ ဆရာလို့ဆိုသူတောင် ရန်ကုန်လိုမြို့ပြမှာ ဇီဝိန်ချုပ်ခဲ့ပြီ မဟုတ်လား။ဒါဟာ ဒီသီတင်းပတ်အတွက်တော့ သိသာ ထင်ရှားတဲ့ နွေးဦးမှတ် တိုင်တခုပေါ့။

စစ်ဖိနပ်အောက်အကြိမ်ကြိမ်ရောက်ခဲ့ရပြီးသား မြန်မာဟာ ဒီတကြိမ်မှာ အရင်ကနဲ့ လုံးဝကွဲပြားခြားနားအောင် ရုန်းထပုန်ကန်နေကြတယ်ဆိုတာ သက်သေပြနေတဲ့အဖြစ်တွေ။လှုပ်မရနိုင်အောင် တင်းကျပ်ချုပ်နှောင်နေပေမယ့် တော်လှန်ပုန်ကန်မှုတွေဟာ အချိန်တိုင်း နေရာတိုင်းမှာရှိနေတယ်။

အခက်အခဲတွေကြားမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ ဆက်ရှိနေတာ၊အခုအချိန်အထိ မြို့ပြကိုခိုကပ်နေရသေး တဲ့အကြောင်းပြချက်တွေထဲမှာ ဒီလိုသတင်းစကားပေးနိုင်ဖို့ဆိုတာဟာလည်း အချက်တချက်အနေနဲ့ ပါဝင်ပါ တယ်။

ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့တင် ဒီသီတင်းပတ် မြို့ပြပြောက်ကျားလှုပ်ရှားမှုက ရပ်မသွားဘူး။ဖောက်ခွဲ တိုက် ခိုက်မှုတွေ ပစ်ခတ်မှုတွေကလည်း နေရာအနှံ့မှာ အများအပြားရှိခဲ့တယ်။အဲ့ဒီဖြစ်စဉ်တွေထဲ ထင်ရှားတာတွေက တော့ လှိုင်ဘူတာရုံလမ်းက မီတာရုံးတိုက်ခိုက်ခံရတာ၊ရန်ကုန်မြို့လယ် သိမ်တော်ကြီးနား ပစ်ခတ်မှုဖြစ်တာ၊ သမိုင်းလမ်းဆုံက နှစ်ထပ်ဘန်ကာ ဖောက်ခွဲတိုက်ခိုက်ခံရတာတွေ ပေါ့။

လှိုင်မီတာရုံးဟာ မြို့ပြပြောက်ကျားတွေရဲ့ ပစ်မှတ်အဖြစ် မကြာခဏ သတ်မှတ်တိုက်ခိုက်ခံရလေ့ရှိပြီး ဒီတကြိမ် တိုက်ခိုက်မှုအပြီးမှာတော့စစ်ကောင်စီက မီတာရုံးအနီးက ဘတ်စ်ကားမှတ်တိုင်ကိုပါ ဖျက်သိမ်းပစ်လိုက်ပါတော့ တယ်။

မြို့ပြပြောက်ကျားဆိုတာနဲ့ တိုက်ခိုက်မှုတွေက ရန်ကုန်လို၊မန္တလေးလို မြို့ကြီးတွေမှာပဲ ရှိတာလားလို့ဆိုရင် တော့ နယ်မြို့တွေမှာက ပိုတောင်ဆိုးသေးလို့ဆိုရမယ်။တချို့နယ်ဘက်ဒေသတွေအများစုမှာ စစ်တပ်က မြို့ပေါ်လောက် အုပ်စိုးနိုင်တော့တာမဟုတ်လား။

အထူးသဖြင့် စစ်ကိုင်း၊မကွေး လွင်ပြင်တကြော မြို့တွေဆီက မြို့ပြတိုက်ခိုက်မှုတွေကတော့ နေ့စဉ်လိုလို သိရ ကြားရ ထွက်ပေါ်လာတတ်တယ်။လှတောရဲစခန်း တိုက်ခိုက်ခံရတယ်၊ကလေးမြို့မှာလည်း မြို့ပေါ်မှာကိုပဲ စစ်တပ်ယာဉ်တန်းတွေ မကြာခဏတိုက်ခိုက်ခံရတယ်။

မုံရွာစီးပွားရေးဘဏ်နဲ့ မုံရွာစီးပွားရေးတက္ကသိုလ်မှာ လုံခြုံရေး တာဝန်ကျသူတွေကတော့ မကြာခဏ ဒေသတွင်း ပြောက်ကျားတပ်တွေရဲ့ ပစ်မှတ်ဖြစ်လေ့ရှိတယ်။ဒီသီတင်းပတ်အတွင်းမှာလည်း အဲ့ဒီနေရာတွေတိုက်ခိုက်ခံရ သေးတယ်။

စီးပွားရေးဘဏ်မှာ လုံခြုံရေးတာဝန်ယူရင်း အေးအေးလူလူ ခြင်းလုံးခတ် အားကစားလုပ်နေကြတဲ့ စစ်ကောင်စီ လက်ပါးစေ တွေလည်း အခုတော့ အားလည်းမအား၊ကစားလည်းမကစားနိုင်ကြတော့ဘူး။အဲ့ဒီတိုက်ခိုက်မှုမှာ စစ် ကောင်စီဘက်က ခြောက်ဦးသေတယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့ကဆိုတယ်။

တိုက်ပွဲသတင်းတွေမကြားရတာကြာပြီဖြစ်တဲ့ ချင်းတောင်ပေါ်မှာလည်း အခုတလော တိုက်ပွဲအကြောင်းတွေပြန် ကြားလာရတယ်။မတူပီ၊မင်းတပ်၊ထန်တလန် ..။တူမီးတော်လှန်ရေး အစပြုရာအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဒေသတွေပေါ့။

ထန်တလန်ကိုတော့ စစ်တပ်က တမြို့လုံးမီးရှိ့ လိုချင်တာခိုးယူပြီး တစစီဖျက်ဆီးထားတာ အားလုံးအသိ။ မင်း တပ်နဲ့ မတူပီမြို့တွေမှာ စစ်တပ်က ဈေးရောင်းပွဲတွေလုပ်ပြီး ဒေသခံတွေကို စည်းရုံးဖို့ပြင်တယ်။ ဒေသကာကွယ် ရေးတပ်တွေကလည်း အဲ့ဒီဈေးရောင်းပွဲတွေကိုကြိုဆိုကြတယ်။ကျည်ဆန်တွေနဲ့…။

မင်းတပ်မှာ မြို့ပေါ်မှာပဲ စစ်တပ်စစ်ဆေးရေးဂိတ်အပါအဝင် တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရ တယ်။မတူပီ ကတော့ မြို့နဲ့ နှစ်မိုင် လောက်က စစ်တပ်စခန်းကို တိုက်စစ်ဖွင့်ပြီး ဈေးရောင်းပွဲကိုကြိုဆိုတယ်။အဲဒီကနေ နှစ် ဖက် တိုက်ပွဲတွေပြန်ဖြစ်နေကြတာ..။

ဒေါနမြေမှာလည်း တိုက်ပွဲတွေကတော့ နေ့စဉ်လို ကြားနေရတုန်းပဲ။ဒါပေမယ့် ကောဘရာစစ်ကြောင်းဆီ ခဲယမ်း တွေ အချီကြီးအလှဒပေးပြီးကတည်းက ဒေါနမြေမှာ စစ်တပ်က အလုံးအရင်းနဲ့ ဖွင့်တိုက်တဲ့အခြေအနေမျိုး တော့ မတွေ့ရဘူး။

အဘတွေရဲ့ ဖိအားကြောင့် အောက်ခြေတပ်တွေက တနေ့တနေ့ ဝတ်ကျေတန်းကျေ  အတိုက်ပြတဲ့အခြေ အနေ မျိုးလောက်ပဲ တွေံရတော့တယ်။သူတို့ကသာ နေ့တိုင်းပစ်နေတာ ဟိုက ကော်ဘရာတွေက သူ့နေရာကနေ ရွေ့ သွားတယ်၊အထိုင်ပျက်သွားတယ်လို့မှ မရှိတာ။စစ်တပ်က အတိုက်ပြလိုက် အခြေအနေမဟန်တာနဲ့ ပြန်ဆုတ် သွားလိုက် ဆိုတဲ့အခြေအနေမျိုးပဲ တွေ့ရတယ်။

အဲ… ဒေါနမြေမှာ ဒီသီတင်းပတ်ထဲ တကယ်တိုက်ပြသွားတာကတော့ KNL‌A ပူးပေါင်းတပ်ဖွဲ့တွေပဲ။ ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူ မြို့နားက ဘုရားတောင်စခန်းကို ဝင်သိမ်းခဲ့တယ်။

တိုက်ပွဲရုပ်သံမှတ်တမ်းတွေထဲ “မင်းတို့လက်နက်ချနော်”လို့ KNLA ပူးပေါင်းတပ်က အော်ဟစ် သတိပေးနေ သံ တွေအတိုင်းသား ကြားရတယ်။လက်နက်ချလိုက်ရင် သဘောကောင်းတဲ့ ဒေါနသားတွေလက်ထဲ လူလူ၊သူသူ နေရမှာပေမယ့် မရဏလမ်းကိုပဲ ရွေးသွားတော့ စစ်ကောင်စီဒုတပ်ရင်းမှူးအပါအဝင် (၁၁)ဦးသေတယ်။သုံး ဦးကတော့ ထွက်ပြေးသွားတယ်လို့ဆိုတယ်။

သူတို့ကသာ “ငါမသေ၊ငါ့စခန်းမကျစေရ”ဆိုပြီး အသေခံသွားကြတာ။စစ်တပ်က ခေါင်းဆောင်ဆိုတဲ့ အထက်အ ဆင့်ဆင့်က အဘတွေကကျ အောက်ကငတိတွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင်မှတ်ပုံမရ။

ရခိုင်မှာ AA က “မင်းတို့လူတွေ မင်းတို့လာပြန်ခေါ်”ဆိုတာတောင် ပြန်အကြောင်းမကြားလို့ သေတဲ့လူလည်းသေ၊ မသေဘဲ ကျန်နေသူတွေလည်း ကြေကွဲကြပေါ့။ကြေကွဲမယ်ဆိုကြေကွဲချင်စရာ။ဒီလောက်စခန်းတွေသိမ်းနေတဲ့ AA တွေ ထိစမ်းဆို စစ်တပ်က ညကြီးမင်းကြီး လေယာဉ်နဲ့ ဗုံးတွေကျဲချတာ AAထောင်ထဲက စစ်ကောင်စီတပ်ဖွဲ့ ဝင် တွေ ပြန်ထိကြရော…။

ကိုယ့်လူကိုယ် ပစ်လည်းပစ်သေး၊ထိပြီး ဒဏ်ရာတွေရကုန်တော့ AA ကဆေးဝါးခက်ခဲလို့ လာပြန်ခေါ်ပါဆိုတော့ လည်း မသိချင်ယောင်ဆောင်နေတဲ့ စစ်တပ်ကြီး။ဒါလည်း ဇော်မဲလုံးတို့ကတော့ လေမလျှော့ပါဘူး။ မသာစရိတ် တောင်ပေးတဲ့ တပ်မတော်ကြီးလို့ သတင်းစာရှင်းလင်းပွဲမှာ ဟစ်ကြွေးပြတယ်။

သူကသာ အဲ့ဒီလို လေကျယ်တာ..။ ကိုယ့်တပ်ကပစ်တဲ့ လေကြောင်းတိုက်ခိုက်မှုထိပြီး တကိုယ်လုံး ပတ်တီး အဖွေးသားနဲ့ မျော့မျော့ပဲကျန်တဲ့ စစ်ကောင်စီတပ်သားကတော့လေမကျယ်နိုင်တော့ဘူး။

“AA ကတောင် ကျွန်တော်တို့ကို လူသားချင်းစာနာပြီးတော့ ကမ်းလှမ်းခဲ့တာပါ၊အဲ့ဒါကို မြန်မာ့တပ်မတော်ဘက်က ကျွန်တော်တို့ကို ဘာြဖစ်လို့ လက်မခံရတာလဲ”ဗျာလို့ ညည်းတွားနေလေရဲ့….။