ရော်နယ်လ်ဒိုကို ထွက်ခွာခွင့် ပေးတော့မယ့် မန်ချက်စတာ ယူနိုက်တက် 

လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ထွက်ခွာခွင့်ပြုဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းက သဘောတူထားလိုက်ပြီလို့ သိရပါတယ်။ 

ဗြိတိန် မီဒီယာတချို့က အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအပြီး ဇန်နဝါရီ စျေးကွက် ဖွင့်ချိန်မှာ ယူနိုက်တက်ကို စွန့်ခွာမယ်လို့ ဖော်ပြလာကြပါတယ်။ ရော်နယ်လ်ဒိုဟာ နွေရာသီ ကတည်းက အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကို ကျောခိုင်းဖို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့ အခြေအနေအရ အသင်းမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ 

သူဟာ မန်နေဂျာ အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် မရဘဲ ရုန်းကန်နေရတဲ့နောက် အသင်းကနေ ထွက်ခွာချင်နေပြီး အသင်းဖက်ကလည်း လိုက်လျောပေးသွားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အစောပိုင်းကတော့ ရော်နယ်လ်ဒိုရဲ့ အသင်းဟောင်း စပို့တင်း လစ္စဘွန်းအပြင် ဂျာမန်ထိပ်သီး ဘိုရပ်ရှား ဒေါ့တ်မန်ကလည်း ကစားသမားကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ဒါပေမဲ့ စျေးကွက် မပိတ်ခင်မှာ ခိုင်မာတိကျတဲ့ ကမ်းလှမ်းမှုတွေတော့ မရှိခဲ့ပါဘူး။ 

လောလောလတ်လတ် အနေနဲ့ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ၆-၃ နဲ့ အရေးနိမ့်ခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ရော်နယ်လ်ဒိုဟာ အရန်ခုံက ထခွင့်တောင် မရခဲ့ပါဘူး။ ယူနိုက်တက် အနေနဲ့ ရော်နယ်လ်ဒိုကို လက်လွှတ်ရရင် တိုက်ရိုက် အစားထိုးဖို့အတွက် ပီအက်စ်ဗီ အိုင့်ဟိုဗင် တိုက်စစ်မှူး ကိုဒီဂက်ခ်ပိုကို စောင့်ကြည့်နေကြောင်းလည်း သိရပါတယ်။ 

ရော်နယ်လ်ဒိုဟာ မျိုးဆက်တစ်ခုအတွင်း အအောင်မြင်ဆုံး ဘောလုံးသမား တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ဆုဖလားပေါင်းစုံ သိမ်းပိုက်နိုင်ခဲ့ဖူးသလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ၅ ကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။