နိုင်ငံအရှေ့ပိုင်းအပြင် တောင်ပိုင်းမှာပါ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အရှိန်မြှင့် 

ယူကရိန်း တပ်တွေဟာ နိုင်ငံ အရှေ့ပိုင်း ဒေသတွေမှာ စစ်ရေးအရ အောင်မြင်မှုတွေ ရရှိခဲ့တဲ့နောက် အခုအခါ နိုင်ငံတောင်ပိုင်းက ရုရှားထိန်းချုပ် နယ်မြေတွေကို စတင် ထိုးစစ်ဆင်နေပြီ ဖြစ်ပါတယ်။ 

အောက်တိုဘာ ၃ ရက်မှာ ယူကရိန်း တင့်ကားတွေဟာ ဒီနိုင်ပါ မြစ်ကမ်းဘေးက ရုရှား စစ်စခန်းတွေကို ကျော်ဖြတ်ပြီး ခါဆွန်မြို့ အရှေ့မြောက်ပိုင်းကို စတင် ချဉ်းကပ်လာနိုင်ခဲ့ပါတယ်။ ခါဆွန်မြို့ဟာ ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ခါဆွန်ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ 

ခါဆွန်မြို့ဟာ ယူကရိန်း တောင်ပိုင်းကို စိုးမိုးနိုင်ရေးအတွက် အရေးအပါဆုံး မဟာဗျူဟာ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ယူကရိန်းတပ်တွေ ခါဆွန်မြို့နား ချဉ်းကပ်လာကြောင်းကို ရုရှားစစ်တပ်နဲ့ ရုရှားအစိုးရက ခန့်အပ်ထားတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေက အတည်ပြုကြပါတယ်။ 

လတ်တလောမှာတော့ ခါဆွန်အခြေစိုက် ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို အပြင်းအထန် ခုခံနေဆဲလို့ သိရပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဒေသထဲက မြို့ငယ်ရွာငယ် တချို့ကို ရုရှားလက်အောက်ကနေ လွတ်မြောက်စေခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ 

ခါဆွန်တဝိုက်ကို ခုခံဖို့ ရုရှားတပ်တွေ ဗျာများနေတဲ့အချိန် ယူကရိန်း အရှေ့ပိုင်းမှာလည်း ယူကရိန်း စစ်တပ်တွေက ရုရှားထိန်းချုပ်နယ်မြေ လူဟန့်စ်ခ်ကို စတင် ထိုးဖောက်နေပါပြီ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ကြေညာတဲ့ ယူကရိန်း နယ်မြေ ၄ ခုထဲမှာ ခါဆွန်ရော၊ လူဟန့်စ်ခ်ပါ ပါဝင်ပေမယ့် ယူကရိန်းကတော့ အသိအမှတ် မပြုဘဲ တန်ပြန်ထိုးစစ်ကို အရှိန်ဆက်တင်နေတာ ဖြစ်ပါတယ်။ 

ဇီလန်စကီးက ရှေ့တန်း စစ်မြေပြင်တွေမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း အတည်ပြုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ သူ့ရဲ့ ညနေပိုင်း ပုံမှန် ပြောကြားနေကျ မိန့်ခွန်းထဲမှာ ထည့်သွင်း မှတ်ချက် ပေးမသွားပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာလည်း ယူကရိန်း တပ်တွေဟာ နိုင်ငံ အရှေ့ပိုင်းကို ဆက်သွယ်တဲ့ အဓိက ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကို ထိန်းချုပ်ထားတဲ့ လိုင်မန်မြို့ကို ရုရှားလက်ထဲက ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။