ပုသိမ်မြို့ မိုင်တဲရုံးရှေ့ ဗုံးပေါက်ပြီးနောက် လူငယ်တဦး ညတွင်းချင်း အဖမ်းခံရ

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အမှတ် ( ၂ ) ရပ်ကွက် ၊ ကမ်းနား လမ်းရှိ အဆင့်မြင့် ကုန်စည်ဒိုင် အဆောက်အဦးက Mytel ဆက်သွယ်ရေးရုံးရှေ့ မနေ့က ည ၈ နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲပြီးနောက် အမှတ် (၆) ရပ်ကွက် ကွင်းကလေး လမ်းမှာ နေထိုင်တဲ့ ကိုထက်မြက်အောင်ကို စစ်ကောင်စီက ည ၁၁ နာရီခန့်မှာ လာရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“စစ်သားတွေ ရဲတွေက လမ်းထိပ်နှစ်ဖက်ကို ပိတ်ဆို့လိုက်ပြီးမှ ဝင်ဖမ်းတာ သံသယနဲ့ဖမ်းတာထင်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေဟာ မိုင်တဲဆက်သွယ်ရုံးအနားက KBZ ဘဏ်၊ KBZ PAY CENTER ၊ နဲ့ AYA ဘဏ်က CCTV မှတ် တမ်းတွေကိုလည်း လိုက်လံသိမ်းဆည်းသွားခဲ့ပါတယ်။

အဲဒီ ဗုံးပေါက်ကွဲ့မှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ကန်ကြီးထောင်မြို့ PDF တို့ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့ PSTF က သတင်းထုတ်ပြန်ထားပါတယ်။

ဧရာဝတီ စစ်ဒေသခွဲ နန်းထိုက် အောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီရဲ့ စီးပွါးရေးထောက်တိုင် မိုင်တဲရုံးကို အဝေးထိန်းစနစ်နဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ဆိုင်ရာတွေကိုလည်း တိုက်ခိုက်မယ်လို့ အဲ့ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။