ယူကရိန်းအတွက် နည်းပညာမြင့် လေကြောင်း ကာကွယ်ရေး စနစ်တွေ ပထမဆုံးအကြိမ် ပေးပို့သွားမယ်လို့ ဂျာမနီ အစိုးရက အတည်ပြုလိုက်ပါတယ်။
ဂျာမနီ ကာကွယ်ရေးဝန်ကြီး ခရစ္စတင်း လမ်းဘရတ်ချ်က ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာမြို့ကို ရောက်ရှိချိန်မှာ IRIS-T အမျိုးအစား လေကြောင်းကာကွယ်ရေး စနစ် ၄ ခုကို ယူကရိန်းဆီ ပို့ဆောင်ပေးမယ်လို့ ပြောကြားသွားပါတယ်။ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ အိုဒက်ဆာမှာ လေကြောင်း ဥဩသံတွေ ဆူညံနေချိန်မှာ လမ်းဘရတ်ချ်က ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အိုဒက်ဆာဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရန်လုပ် ဒရုန်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုတိုးပွားလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ရုရှားဟာ အီရန်ရဲ့ နည်းပညာ သိပ်မမြင့်ပေမယ့် စျေးပေါတဲ့ ဒရုန်းတွေကို ဖောဖောသီသီ ဝယ်ယူပြီး အိုဒက်ဆာမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
IRIS-T လေကြောင်း ကာကွယ်ရေး စနစ်တွေဟာ ဒရုန်းတွေကို တန်ပြန်ဖျက်ဆီးတဲ့ နေရာမှာ အထူးတလည် အစွမ်းထက်ကြောင်း၊ မကြာခင် ရက်ပိုင်းအတွင်း ဒီလေကြောင်းကာကွယ်ရေး စနစ်တွေကို ယူကရိန်းဆီ ပေးပို့သွားမှာဖြစ်ကြောင်း လမ်းဘရတ်ချ်က ဆိုပါတယ်။
ရုရှားဟာ ရန်သူ ပစ်မှတ်တွေဆီ ထိုးစိုက်ဆင်းပြီး ဖောက်ခွဲပစ်တဲ့ အီရန်လုပ် ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာပါ။ မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်တဲ့ IRIS-T စနစ်ကတော့ အဲဒီ ဒရုန်းတွေရဲ့ အန္တရာယ်ကို သိသိသာသာ လျော့ကျသွားစေမယ်လို့ ယုံကြည်ရပါတယ်။
ဂျာမနီဟာ မေလကတည်းက တစ်ခုကို ဒေါ်လာ သန်း ၁၅၀ လောက် တန်ကြေးရှိတဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ယူကရိန်းဆီ ပို့ဆောင်ဖို့ စဉ်းစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် နှောင့်နှေးနေခဲ့တာပါ။ ဝေဟင်က ဒရုန်းတွေကို ဖျက်ဆီးရာမှာ IRIS-Tဟာ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု အနေနဲ့လည်း အသိအမှတ်ပြု ခံထားရပါတယ်။