အိန္ဒိယမှာ လယ်ထွန်စက် နောက်တွဲယာဉ် ရေကန်ထဲ ပြုတ်ကျပြီး လူ နှစ်ဆယ့်ခုနစ်ဦးသေ

Photo – AP

အိန္ဒိယ နိုင်ငံမှာ လူစုလူဝေးကို တင်ဆောင်လာတဲ့ လယ်ထွန်စက် နောက်တွဲယာဉ် ရေကန်ထဲ ထိုးကျရာက လူပေါင်း ၂ ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘီတာဂါအွန် ဒေသမှာ ဝတ်ပြု ခရီးသည်တွေ လိုက်ပါလာတဲ့ လယ်ထွန်စက်က ညအမှောင်ထဲမှာ လမ်းချော်ပြီး ရေကန်ထဲ ထိုးကျသွားခဲ့တာပါ။ လယ်ထွန်စက် နောက်တွဲယာဉ်ပေါ်မှာတော့ ချန်ဒရီကာဒေဝီ ဘုရားကျောင်းကနေ ပြန်လာတဲ့ ဝတ်ပြုသူ ၄၀ ကျော်လောက် လိုက်ပါလာကြပါတယ်။ 

နောက်တွဲယာဉ် တလိမ့်ကောက်ကွေး တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူတွေ အားလုံးလိုလို လမ်းဘေး ရေကန်ထဲ ပြုတ်ကျကုန်ပါတယ်။ ညနက်ပိုင်း မှောင်မည်းနေချိန် ဖြစ်တာကြောင့် ကယ်ဆယ်ရေးတွေက အခင်းဖြစ်တဲ့ နေရာကို ချက်ချင်း မရောက်နိုင်ခဲ့ဘဲ ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ ကယ်ဆယ်ရေး အဖွဲ့က ကလေးတွေ အပါအဝင် လူပေါင်း ၂၇ ဦးလောက် သေဆုံးကြောင်း ပြောကြားခဲ့ပြီး အောက်တိုဘာ ၂ ရက်ထိ အခြေအနေတွေအရ ဘီတာဂါအွန်က ဆေးရုံတွေဆီ ဖြန့်ကျက် တင်ပို့ထားတဲ့ လူနာက ၂၀ ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။ 

သေဆုံးသူ အားလုံးဟာ ကော်သာဆိုတဲ့ ကျေးရွာ တစ်ခုက ဒေသခံတွေ ဖြစ်ပါတယ်။ ရွာထဲက ကလေးငယ် တစ်ဦးကို ဘာသာရေးအရ ပထမဆုံး ကောင်းချီးမင်္ဂလာပြုတဲ့ အခမ်းအနားကို သွားရောက်ပြီး ရွာခံတွေ စုဝေး ပြန်လာကြချိန်မှာ အခုလို အဖြစ်ဆိုးမျိုး ကြုံခဲ့ရတာပါ။ 

ပြည်နယ် အုပ်ချုပ်ရေးမှူး ယိုဂီ အဒစ်ယန်နက်သ်က သတင်းဆိုးကို ကြားသိရတဲ့အတွက် အထူးတလည် ဝမ်းနည်းမိကြောင်း၊ ထိခိုက် ခံစားခဲ့ရတဲ့ မိသားစုတွေကို စာနာကြောင်း ပြောကြားခဲ့ပါတယ်။ 

ပြည်နယ် အစိုးရက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထိခိုက် ဒဏ်ရာ ရသူတွေကို နစ်နာကြေး ပေးအပ်သွားမယ်လို့ ကြေညာပါတယ်။ လတ်တလောမှာတော့ ရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း သိရပါတယ်။