မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အာဆင်နယ် အနိုင်ရပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ခဲ့သလို ချယ်လ်ဆီးကလည်း နောက်ကျ အနိုင်ဂိုးကြောင့် ၃ မှတ်အပြည့် ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ထင်သလောက် အခြေအနေ မလှသေးတဲ့ လီဗာပူးလ်ကတော့ ဆက်လက် ရုန်းကန်နေရဆဲပါပဲ။
အာဆင်နယ် ၃ – ၁ တော့တင်ဟမ် ဟော့စပါး
ဒီရာသီ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေတာဟာ ကံစွပ်ရုံ သက်သက် မဟုတ်ဘူးဆိုတာ မြောက်လန်ဒန် ဒါဘီမှာ အနိုင်ကစားပြီး အာဆင်နယ်က သက်သေပြလိုက်ပါတယ်။ ရာသီကုန်ဖို့ အဝေးကြီး ကျန်နေသေးပေမယ့် ၈ ပွဲကစားပြီး ၇ ပွဲ နိုင်ထားတယ် ဆိုတာက ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ တည်ငြိမ်တဲ့ ခြေစွမ်းမျိုးလို့ လက်ခံရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန် ၁၉ မိနစ်မှာ ညာခြမ်းက ဝှိုက် ပေးပို့တဲ့ ဘောလုံးကို ဘီးကုပ်စက်ဝိုင်း အပြင်ဖက်ကနေ အာဆင်နယ် ကွင်းလယ်လူ ပါတေးက အပြင်းကန်သွင်းပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက် ၁၀ မိနစ်လောက် အကြာမှာ အာဆင်နယ် နောက်တန်းက ရီချာလီဆန်ကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်ရာက ပင်နယ်တီ ပေးရပြီး တော့တင်ဟမ် အသင်းခေါင်းဆောင် ကိန်းက သူ့ရဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ရာပြည့်ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာတော့ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာပဲ ဆာကာရဲ့ အဝေးကန်ချက်ကို တော့တင်ဟမ် ဂိုးသမား လောရစ် ပုတ်ထုတ်ပုံ မသေသပ်တာကြောင့် တိုက်စစ်မှူး ဂျေးဇူးစ်က အနီးကပ် ပိတ်သွင်းပြီး အိမ်ရှင်တွေ ပွဲကို တကျော့ပြန် ဦးဆောင်ပါတယ်။ ၆၁ မိနစ်မှာတော့ မာတီနယ်လီကို ဖျက်ထုတ်ပုံ ကြမ်းတယ်ဆိုပြီး တော့တင်ဟမ် နောက်ခံလူ အီမာဆင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အာဆင်နယ်က ပွဲကို ပိုမို စိုးမိုးသွားခဲ့ပြီး ၆၆ မိနစ်မှာ ညက်ညောတဲ့ အသင်းလိုက် ပူးပေါင်း ထိုးဖောက်မှုတွေကနေ မာတီနယ်လီ ချပေးလိုက်တဲ့ ဘောလုံးကို ရှာခါက ဧရိယာထဲကနေ အပိုင်ကန်သွင်းခဲ့တာကြောင့် အာဆင်နယ်တို့ ၃-၁ နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရလဒ်ကြောင့် တနင်္ဂနွေနေ့ည မန်ချက်စတာ ဒါဘီ မတိုင်ခင်မှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ၄ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခရစ္စတယ်လ် ပဲလေ့စ် ၁ – ၂ ချယ်လ်ဆီး
ချယ်လ်ဆီး မန်နေဂျာသစ် ပေါ့တားရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ဟာ သည်းထိတ်ရင်ဖို ဆန်ခဲ့ပေမယ့် အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပေမယ့် ပဲလေ့စ်ဟာ အိမ်ကွင်းမှာ ချယ်လ်ဆီးကို ဒုက္ခပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာ ကတည်းက ညာခြမ်းက အီဒူရက်ဒ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို အေယူးက လျှောထိုး ပိတ်သွင်းပြီး အိမ်ရှင်တို့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက် ချယ်လ်ဆီး နောက်ခံလူ ဆေးလ်ဗားဟာ ပြိုင်ဘက် ခြေထောက်ထဲက ဘောလုံးကို ရည်ရွယ်ချက်ရှိရှိ လက်နဲ့ လှမ်းတားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အနီကတ် မပြဘဲ အဝါကတ်ပြ သတိပေးရုံသာ လုပ်ခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါသေးတယ်။ ၃၇ မိနစ်မှာ ဆေးလ်ဗားက ခေါင်းတိုက် ချပေးလိုက်တဲ့ ဘောလုံးကို ချယ်လ်ဆီး တိုက်စစ်မှူး အူဘာမီယန်းက လှလှပပ တစ်ပတ်လှည့်ကန်ပြီး ချေပဂိုး ပြန်သွင်းပါတယ်။ တစ်ဂိုးစီ သရေနဲ့ ပွဲပြီးတော့မလို ဖြစ်နေရာက ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ချယ်လ်ဆီး ကွင်းလယ်လူ ဂါလက်ဟားက ဘီးကုပ်စက်ဝိုင်း အပြင်ဖက်ကနေ တိကျ ပြင်းထန်တဲ့ ကန်ချက်နဲ့ အနိုင်ဂိုး သွင်းသွားခဲ့ပါတယ်။ ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ ရာသီက သူအငှားထွက်ကစားခဲ့တဲ့ အသင်းဟောင်း ဖြစ်တာကြောင့် လေးစားမှု ပြသတဲ့ အနေနဲ့ ဂါလက်ဟားက အောင်ပွဲ မခံခဲ့ပါဘူး။ ဒီပွဲ ရလဒ်ကြောင့် ချယ်လ်ဆီးဟာ လောလောဆယ် အမှတ်ပေးဇယား အဆင့် ၅ ကို ရောက်ရှိနေပါတယ်။
လီဗာပူးလ် ၃ – ၃ ဘရိုက်တန်
အိမ်ကွင်းမာတဲ့ အသင်းအဖြစ် နာမည်ကြီးတဲ့ လီဗာပူးလ်ဟာ ဒီရာသီ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဘရိုက်တန်နဲ့ အတွေ့မှာတော့ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အထူးသဖြင့် ဘရိုက်တန် တောင်ပံတိုက်စစ်သမား ထရော့ဆက်ရဲ့ မှော်ဝင်ခြေစွမ်းကြောင့် လီဗာပူးလ် ဗျာများခဲ့ပြီး ဘယ်လ်ဂျီယမ်သားက အန်းဖီးလ်ကွင်းထဲမှာ Hat-Trickပါ ယူသွားခဲ့ပါတယ်။ ပွဲချိန် ၃ မိနစ်မှာ ကတည်းက ဝဲလ်ဘက် ချပေးတဲ့ ဘောလုံးကို ထရော့ဆက်က လက်ခံယူပြီး လီဗာပူးလ် နောက်ခံလူ အလက်ဇန္ဒား အာနိုးလ်ကို ခြေယောင်ပြ ကျော်ဖြတ်ရင်း အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အဆင်သင့် မဖြစ်သေးတဲ့ လီဗာပူးလ် ခံစစ်ကြောင်းဟာ ဘရိုက်တန်ရဲ့ ထိုးစစ်ဒဏ်ကို အတော်လေး ခံခဲ့ရပြီး ၁၆ မိနစ်မှာ မတ်ချ် မျှောပေးလိုက်တဲ့ ဘောလုံးကို ထရော့ဆက်က အလိုက်သင့် ရယူပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တာကြောင့် ဧည့်သည်တွေ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ၃၂ မိနစ်မှာတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားပြီး ဆာလား ချပေးလိုက်တဲ့ ဘောလုံးကို ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ထဲ ဖာမီနိုက ကန်သွင်းပြီး လီဗာပူးလ်တို့ ချေပဂိုး စတင်ရရှိပါတယ်။ ဒုတိယ ပိုင်း ၅၃ မိနစ်မှာ ဘယ်ခြမ်းက ဒီယက်ဇ် ပေးပို့တာကို ဖာမီနိုက ဘရိုက်တန် ဂိုးဧရိယာထဲမှာ မွှေနှောက်ထိုးဖောက်ပြီး ကန်သွင်းနိုင်ခဲ့တာကြောင့် ၂ ဂိုးစီ သရေ ဖြစ်လာတယ်။ ၁၀ မိနစ်လောက် အကြာမှာတော့ အလက်ဇန္ဒား အာနိုးလ်ရဲ့ ထောင့်ကန်ဘောကတဆင့် ကျလာတဲ့ ဘောလုံးကို ဘရိုက်တန် နောက်ခံလူ ဝက်ဘ်စတာက မတော်တဆ ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် အိမ်ရှင်တွေ ပွဲကို တကျော့ပြန် ဦးဆောင်လာပါတယ်။ လှပတဲ့ Comeback ရလဒ်နဲ့ အနိုင်ယူတော့မယ်လို့ လီဗာပူးလ် ပရိသတ်က မျှော်လင့်နေပေမယ့် ထရော့ဆက်က ၈၂ မိနစ်မှာ အသည်းခွဲ ချေပဂိုး သွင်းယူသွားပါတယ်။ ဘယ်ခြမ်းက ဖြတ်ပို့လိုက်တဲ့ ဘောလုံးဟာ လီဗာပူးလ် ခံစစ်မှူးတွေ ရှင်းမထုတ်နိုင်ဘဲ သူ့ရှေ့တည့်တည့် ကျလာတာကြောင့် ထရော့ဆက်က Hat-Trickဂိုးအဖြစ် ကန်သွင်းသွားနိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဘရိုက်တန်က အဆင့် ၄ နေရာကို ဆက်ထိန်းထားပြီး လီဗာပူးလ်က အဆင့် ၉ နေရာမှာ ရှိနေပါတယ်။
အခြားပွဲစဉ် ရလဒ်များ
ဘွန်းမောက်သ် ၀ – ၀ ဘရန့်ဖို့ဒ်
ဖူလ်ဟမ် ၁ – ၄ နယူးကာဆယ်လ် ယူနိုက်တက်
ဆောက်သမ်တန် ၁ – ၂ အဲဗာတန်
ဝက်စ်ဟမ်း ယူနိုက်တက် ၂ – ၀ ဝုလ်ဗ်