ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတွေကို ရုရှားပိုင်နက်ထဲ သွတ်သွင်းကြောင်း ကြေညာလိုက်ပြီးနောက် ဒီနယ်မြေတွေကို ရုရှားက ဘယ်တော့မှ လက်လွှတ်ခံတော့မှာ မဟုတ်ဘူးလို့ သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားသွားပါတယ်။
စက်တင်ဘာ ၃၀ မှာ ပူတင်ဟာ ယူကရိန်းနိုင်ငံမှာ ရုရှားတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ နယ်မြေ ၄ ခုကို ရုရှားပိုင်နက်ထဲ သွတ်သွင်းကြောင်း လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ အခုဆိုရင် ရုရှားမှာ ပိုင်နက်နယ်မြေသစ် ၄ ခု ထပ်တိုးလာပြီလို့ ပူတင်က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ လူဟန့်ခ်စ်ဒေသ တစ်ခုလုံး၊ ခါဆွန်ဒေသ တစ်ခုလုံးနီးပါး၊ ဇာပိုရီဇီရာနဲ့ ဒွန်းဘက်စ် ဒေသတွေရဲ့ ထက်ဝက်လောက် နယ်မြေတွေ ကို ပိုင်နက်ထဲ သွတ်သွင်းလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ကတည်းက အင်အားသုံး သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားကိုပါ ထည့်တွက်ရင် ရုရှားဟာ ယူကရိန်း နယ်မြေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို တရားလက်မဲ့ သိမ်းယူထားပြီး ဖြစ်ပါတယ်။
ရုရှားရဲ့ နယ်မြေသစ် ၄ ခုထဲက ပြည်သူတွေဟာ ရုရှားတွေ ဖြစ်လာပြီး ဒီအရှိတရားက ဘယ်တော့မှ ပြောင်းလဲတော့မှာ မဟုတ်ကြောင်း ယူကရိန်းရော၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ နိုင်ငံတွေပါ သိထားရလိမ့်မယ်လို့ ပူတင်က ဆိုပါတယ်။
အမေရိကန်၊ ယူကရိန်းနဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ရုရှားရဲ့ နယ်မြေ သိမ်းသွင်းမှုဟာ တရားဥပဒေနဲ့ မညီညွတ်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချနေကြပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းကို NATO မဟာမိတ် အဖွဲ့ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင် ဖြစ်လာအောင် အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ တိုက်တွန်းသွားပါတယ်။ NATOရဲ့ အကြီးအကဲ ယန်စတိုလန်ဘက်ဂ်က ယူကရိန်းကို အဖွဲ့ဝင်အဖြစ် မြန်မြန်ဆန်ဆန် လက်ခံရေး ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးပေမယ့် ရုရှားရဲ့ နယ်မြေ သိမ်းသွင်းမှုကိုတော့ ရှုတ်ချခဲ့ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အတင်းမာဆုံး အခြေအနေတွေ ဖြစ်လာစေကြောင်း ဝေဖန်သွားပါတယ်။
ပူတင်ကတော့ ရုရှားနဲ့ ပေါင်းစည်းဖို့ ဒေသခံ ပြည်သူတွေက ရွေးချယ်ခဲ့တာဖြစ်ပြီး ဒါဟာ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ လိုလားမှုသာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ပူတင်ဟာ ယူကရိန်း နယ်မြေတွေကို မတရား သိမ်းသွင်းကြောင်း ကြေညာစေဖို့အတွက် မော်စကိုမှာ အခမ်းအနား တစ်ခုကိုပါ စီစဉ် ကျင်းပစေခဲ့ပါတယ်။
လက်ရှိမှာတော့ ယူကရိန်း အရှေ့ပိုင်းမှာ တိုက်ပွဲတွေ အရှိန်မြင့်နေဆဲ ဖြစ်ပြီး ယူကရိန်း တပ်တွေဟာ ဒွန်းညက်စ်ခ် ဒေသကို ဆက်သွယ်ရာမှာ မဟာဗျူဟာအရ အရေးပါတဲ့ လိုင်မန်မြို့ကို ဝန်းရံ ပိတ်ဆို့ထားတာကြောင့် မြို့ထဲက ပိတ်မိနေတဲ့ ရုရှားတပ်တွေ အကြီးအကျယ် အကျပ်ရိုက်နေကြောင်း သိရပါတယ်။
Ref: CNN