မြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားပေမယ့် မပျက်ကွက်ခဲ့တဲ့ ကလေးမြို့သပိတ်

Photo – CJ

ကလေးမြို့ပေါ်မှာ ဒီကနေ့စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပေမယ့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ကတော့ မပျက်မကွက် သပိတ်ချီတက်ခဲ့ပါတယ်။

“ဒီရက်ပိုင်းမြို့ပေါ်အနေထားကတော့ပြည်သူလူထုအားလုံးသိထားတဲ့အတိုင်းပေါ့ဗျာ၊အသွားအလာကစ မလွယ်ကူတဲ့ အနေထားမှာသပိတ်ရက်မှန်ဖို့ကို အတော်လေးဂရုစိုက်နေရတဲ့အနေထားပါ” လို့ သပိတ်ခေါင်း ဆောင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ခုရက်ပိုင်းအတွင်း ဆန္ဒပြပွဲပြုလုပ်တဲ့ မြို့နယ်တွင်းနေရာတွေကို လက်နက်ကြီးတွေနှင့်ပစ်ခတ်ခဲ့ သလို ကလေးမြို့ပေါ် ရပ်ကွက်တွေက လမ်းမပေါ်တွေမှာ လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ဆေးမှုတွေ လုပ်နေတာပါ။

အခုလို လုံခြုံရေးအင်အားတိုးမြှင့်ချထားဟာ ကလေးမြို့ကို စစ်ကောင်စီ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း လာဖို့ရှိတာကြောင့်ဖြစ်တယ်လို့လည်း မြို့ခံတွေကြား သတင်းထွက်ပေါ်နေပါတယ်။

ကလေးမြို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းကတည်းစလို့ စစ်တပ်က မြို့ပေါ်ရပ်ကွက်အားလုံး နီးပါးလုံခြုံရေးယူထားတပါ။ ဒီလိုလုံခြုံရေးယူထားတာဟာ ဗိုလ်ချုပ်စိုးဝင်းလာလို့ဖြစ်တယ်လို့ တပ်နဲ့နီးစပ်သူ တွေက ဆိုပါတယ်။

အဲ့ဒီလို လုံခြုံရေးတိုးမြှင့်ထားပေမယ့် ကလေးမြို့ပင်သပိတ်စစ်ကြောင်းကတော့ ဒီကနေ့ညနေပိုင်းမှာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို မြို့နယ်အတွင်း နေရာတချို့မှာ ပြုလုပ်ခဲ့တာပါ။

“ခက်ခဲတယ်ဆိုရင်တောင် ဘယ်လိုအကြောက်တရားမျိုးမှ မလွမ်းခြုံစေရဘူးဆိုတာ သပိတ်စထွက်သည့် အချိန်က စလို့ယခု ရက်ခြောက်ရာကျော်လာခဲ့တာသက်သေပါ”လို့ ကလေးမြို့ သပိတ်ခေါင်းဆောင် ကပြောပါတယ်။